<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ဗိုလ်ချူပ်အောင်ဆန်းအကြောင်း(၁၅)

ဗိုလ်ချူပ်အောင်ဆန်းအကြောင်း(၁၅)

                 









၁၉၄၇ ခုနှစ်အတွင်းက ဖြစ်ပါသည်။ ထိုနှစ်ကာလမှ ယနေ့အထိဆိုသော် နှစ်ပေါင်း ၁၁ နှစ်တည်း ဟူသော ခရီးမှတ်တိုင်များကို ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ထိုစဉ်က ထိတွေ့ခံစားခဲ့ရသော အဖြစ်အပျက် တစ်ရပ်သည် ကျွန်တော်၏ ဒိုင်ယာရီမှတ်တမ်းစာအုပ် ထဲတွင် မပျောက်ပျက်နိုင်သည်နှင့်အမျှ ကျွန်တော်၏ ဦးဏှောက်ထဲတွင် လည်း ယနေ့တိုင် မမေ့ပျောက်နိုင်ခဲ့သေးပါ။



ယခု ဤအဖြစ်အပျက်ကို ကျွန်တော်၏ မှတ်တမ်းစာအုပ်မှ တဆင့်တင်ပြနေချိန်၌ ဇူလိုင်လ ၁၉ ရက်သည် မကြာသေးမီကပင် ကျော်လွန်သွားခဲ့လေပြီ။ သို့သော်လည်း ကျွန်တော်၏ တစ်သက်တာအဖို့ မည်သည့် ကာလတွင်မှ ကုန်ဆုံးနိုင်မည် မဟုန်သေး။ နောက်လာမည့် ဇူလိုင်လ ၁၉ ရက်နေ့များနှင့် ပြက္ခဒိန်နှစ်ပြောင်းတိုင်း ပြောင်းတိုင်း ထပ်ခါတလဲလဲ ကြုံတွေ့နေရဦးမည် ဖြစ်သကဲ့သို့ ဤအဖြစ်အပျက်ကိုလည်း ကျွန်တော်၏ တစ်သက်တာတွင် မည်သည့်ကာလမျှ မေ့ပျောက်၍ ရနိုင်မည် မဟုတ် ဘဲ ထပ်ခါတလဲလဲ သတိရ၍ နေဦးမည်ပင်ဖြစ်ပါသည်။

ထိုအချိန်သည်ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကို မရသေးမီ စက်ကူး မပ်ကူး ကြားကာလပင်ဖြစ်၏။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များအား ဗမာ့မျိုးချစ် တပ်မတော်သားများနှင့် ဗမာလူထုတစ်ရပ်လုံး အုံကြွတော်လှန်ခဲ့ကြ ပြီးနောက် ဖ-ဆ-ပ-လ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ပြည်သူလူထု အပေါင်းက သောင်းသောင်း ဖျဖျ ထောက်ခံအားပေးကြ၍ မြန်မာနိုင်ငံတော် သမိုင်းတွင် မကြုံစဖူး ထူးကဲလှသည့် အမျိုးသား စည်းလုံးညီညွန် မှု ကြီးကို ရရှိနေကာ ဖ-ဆ-ပ-လ အဖွဲ့ကြီးကလည်း အမျိုးသားညီညွတ်ရေး တပ်ဦးအဖြစ် မားမားမတ်မတ် ရပ်တည်လျှက်ရှိသော အချိန်အခါ သမယ ပင်ဖြစ်လေသည်။ ထိုစဉ်က ဂျပန်လက်မှ မဟာမိတ် တပ်များ ပြန်လည် သိမ်းပိုက်၍ မြန်မာနိုင်ငံကို ပြန်လည်းအုပ်ချုပ်လျှက်ရှိသော ဘုရင်ခံ ဆာဒေါ်မန် စမစ် ပြန်ပြီးနောက် ဆာ ပေါ်ထွန်း အစိုးရနှုတ်ထွက်ပြီးနောက် ဗိုလ်ချုပ်ဦးစည်းသည့် ဖ-ဆ-ပ-လ ကြားဖြတ် အစိုးရသည် ဘိလပ်သို့ သွားရောက် အေ၇းဆိုကာ အင်္ဂလိပ်နယ်ချဲ့တို့လက်မှ တစ်နှစ်အတွင်း လွတ်လပ်ရေး ရရမည် ဟူသော ကြွေးကြော်သံကြီးဖြင့် တိုင်းပြည်အား ရဲရဲဝန့်ဝန့် ကတိပေးကြေငြာသော အခါသမယ ပင်တည်း။

အရေးကြီးသော စာတစ်စောင်

ကန္ဒီစာချုပ်အရ ဗမာ့မျိုးချစ်တပ်မတော်ကြီးအား ဖျက်သိမ်း၍ တပ်သား ၅၅၀၀ သာ ကန့်သက်ထား ရှိရန် သဘောတူခဲ့သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကျန်ရဲဘော်ရဲဘက်နှင့် လူငယ်တော်လှန်ရေး အင်အားစု များ ပြည်သူ့ရဲဘော် ပီ-ဗွီ-အို ဟူသော အပျော်တမ်းတပ်ဖွဲ့အသွင်သို့ ပြောင်းလဲဖွဲ့စီးလိုက်သည့်အလျောက် ကျွန်တော်တို့ ဘီလူးကျွန်းတွင်လည်း ရဲဘော်ဟောင်းများ ဦးစီး၍ ဘီလူးကျွန်း ပြည်သူ့ရဲဘော်တပ်ဖွဲ့ကြီး ဖွဲ့စည်းခဲ့ကြလေသည်။ ထိုစဉ်က ဘီလူးကျွန်း ပြည်သူ့ရဲဘော်များသည် ခရိုင်သစ်ကျေးရွာတွင် ချောင်းဆုံ မြို့နယ် ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်အဖြစ် ထားရှိပြီး တစ်ကျွန်းလုံးရှိ ကျေးရွာပေါင်း ၆၄ ရွာကျော်တွင် ကျေးရွာ ပြည်သူ့ရဲဘော်တပ်ဖွဲ့များ ဖွဲ့စီးထားလျှက် စစ်ပညာ သင်တန်းများပေးခြင်း နယ်ချဲ့တော်လှန်ရေးသဘော တရားများ သင်တန်းပေးခြင်းဖြင့် လူငယ်လူရွယ် များ၏ စစ်စိတ် စစ်သွေးကို ပြောင်မြောက်တတ်ကြွလာအောင် တိုက်ချွတ်ကြိုးပမ်းလျှက်ရှိကြသည်။

ထိုစဉ်က ကျွန်တော်သည် ဘီလူးကျွန်းတောင်ပိုင်း ကျေးရွာများအတွက် စည်းရုံးရေးနှင့် လေ့ကျင့်ရေး တာဝန်များကို ချောင်းဆုံမြို့နယ် ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်၏ တာဝန်ပေးချက်အရ ဆောင်ရွက်လျှက်ရှိရာ မကြာခဏ ဆိုသလိုပင် ကျေးရွာခေါင်းဆောင်များနှင့်တွေ့ဆုံကာ စည်းရုံးရေးတရားပွဲများကို ကျင်းပ ရင်း ခရီးထွက်ခဲ့ရလေသည်။ ထိုသို့ခရီးထွက်၍ စည်းရုံးေ၇းနှင့် လေ့ကျင့်ရေးတာဝန်များကို ဘီလူးကျွန်းတောင်ပိုင်းရှိ ကျေးရွာကြီးတစ်ရွာ ဖြစ်သော မူးရစ်ကလေး ကျေးရွာတွင် ဆောင်ရွက်လျှက်ရှိစဉ် ဇူလိုင်လ ၁၉ ရက်နေ့ ညသန်းခေါင် အချိန်၌ ရဲဘော်ဆက်သား တစ်ဦးဖြင့် ချောင်းဆုံမြို့နယ် ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်မှ ကျွန်တော့ထံ သို့ အရေးတကြီး ပေးပို့လိုက်သော စာတစ်စောင်ကို ရုတ်တရက် မမျှော်လင့်ဘဲ ရရှိခဲ့လေသည်။

ရဲဘော်တို့-------
ငါတို့၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်ကြီးများသည် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉နာရီ အချိန်၌ ရန်ကုန်မြို့အတွင်းဝန်များ ၏ ရုံးခန်းအတွင်း၌ စည်းဝေးတိုင်ပင်လျှက် ရှိကြစဉ် မသမာသူ လူသတ်ကောင်များ၏ လက်ချက်ဖြင့် ရက်ရက်စက်စက် စတင်းဂန်းလက်နက်တို့နှင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပေပြီ။ ဤအရေးသည် တမျိုးသားလုံ ဆုံးရှုံးမှုကြီးဖြစ်သည်သာ မက ငါတို့၏ ဆုံးရှုံးမှုကြီးတရပ်လည်း ဖြစ်သည်။ သို့အတွက် မနက်ဖြန် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကျေးရွာ အသီးသီးမှ ရဲဘော်များ ၊ ရဲမေများအပါအဝင် အားလုံးမြို့နယ်တပ်ဖွဲ့ ရုံးသို့ နံနက် ၈ နာရီတိတိ အရောက်ချီတတ်၍ စုရုံး ချီတတ်ကြရမည်။ ဤသို့ ချီတတ်ရာတွင် မိမိတို့ကျေးရွာအသီးသီးမှ ကာကွယ်ေ၇းသေနတ်များ။ သူကြီးသေနတ်များကိုပါ တောင်းယူ၍ ရဲဘော်တို့နှင့်အတူ ယူဆောင်လာကြရမည်။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများအား တပြိုင်တည်း သေနတ်ဖောက် အလေးပြုရန်အတွက်ဟု အကြောင်းပြ၍ အသာတကြည်တောင်းယူခဲ့ ကြရမည်။ အဓမ္မနည်းဖြင့် တောင်းယူခြင်းမပြုရ။
အရေးတော်ပုံ အောင်ရမည်
မြို့နယ်စစ်ခေါင်းဆောင်

နယ်ချဲ့ သစ္စာတော်ခံ ရွာသူကြီး

နောက်တစ်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်စောစောတွင်ကား ကျွန်တော်နှင့် အတူ မူးရစ်ကလေး ကျေးရွာ စစ်ခေါင်းဆောင် ရဲဘော်ကိုသာဇံ ၊ ကျေးရွာ အတွင်းရေးမှုး ရဲဘော်ကိုအောင်ဖေတို့သည် ပထမဦးဆုံး ကျေးရွာ သူကြီး၏ အိမ်သို့ ၎င်း၏ ရိုင်ဖယ်သေနတ်တစ်လက်ကို တောင်းယူရန်အတွက် သွားရောက် ခဲ့ကြလေသည်။ ကျွန်တော်တို့ လူစု သူကြီးအိမ်ပေါ်သို့ ရောက်လျှင်ရောက်ခြင်း သူကြီးသည် အံ့အား သင့်နေသည့်အမူအရာဖြင့် အိမ်တွင်းမှ ထွက်၍လာကာဧည့်ခန်းတွင် နေရာထိုင်ခင်းပေးရင်း မည်သည့် ကိစ္စဖြင့် လာကြောင်းကို မေးမြန်းလေသည်။







ထိုအခါရဲဘော် ကိုသာဇံက ``ယနေ့ ချောင်းဆုံမြို့နယ် ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်တွင် ဘီလူးကျွန်း တစ်ကျွန်းလုံးမှ ကျွန်းလုံးကျွတ် ရဲဘော် ရဲမေများ စုပေါင်းပြီး ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများအား တပြိုင်နက်တည်း သေနတ်ဖောက် အလေးပြုကြရမည် ဖြစ်သဖြင့် သူကြီး၏ သေနတ်ကို ခေတ္တငှားယူလိုကြောင်း ၊ အလေးပြုခြင်းကိစ္စ ပြီးလျှင် သေနတ်ကို တစ်စုံတရာ ချွတ်ယွင်းမှု မရှိစေရဘဲ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း။ သေနတ်နှင့်အတူ ယမ်းတောင့်ကဒ် တစ်ကဒ်ကိုပါ ပေးလိုက်စေလိုကြောင်း ရှင်းလင်းပြောပြကာ သူကြီး၏ သေနတ်ကို တောင်းယူ လေသည် ။
ထိုစဉ်က သူကြီးလုပ်သူမှာ အင်္ဂလိပ်နယ်ချဲ့ အစိုးရခေတ်၏ တစ်လျှောက်လုံး သူကြီးမျိုးရိုးမှ ဆင်းသက်လာသော

အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ သစ္စာတော်ခံ ဗြူရိုကရက်ခေတ် ဘုရားထူးခေတ်၏ လောင်းရိပ် အောက်တွင် သူကြီးဖြစ်လာရသောသူ ဖြစ်သဖြင့် ရဲဘော် ကိုသာဇံ၏ စကားကို ကြားလိုက်လျှင် ပင် မျက်စိ မျက်နှာပျက်၍ သွားကာ ------


``ဟာ ---- ဦးရဲ့ သေနတ်ကိုတော့ မောင်ရင်တို့ကိုပေးလိုက်လို့ မဖြစ်ဘူးထင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ဦးရဲ့သေနတ်ဟာ မနေ့တနေ့ကဘဲ မြို့ပိုင်ရုံးက အသစ်လဲပြီး ထုတ်လာခဲ့တဲ့ သေနတ်ပဲ ၊ပူပူ နွေးနွေး ကလေးပဲ ရှိသေးတယ်ကွဲ့။ မောင်ရင်တို့ ဘယ်လိုပဲ တာဝန်ယူပါတယ် ဆိုပေမယ့် မတော်တဆ မြို့ပိုင်မင်းအနား ပေါက်ကြား သွားရင် ဦးမှာ အပြစ်မကင်းပဲ ဖြစ်နေပါအုံးမယ်ကွယ်-- ဦး မောင်ရင်တို့ကို တောင်းပန်ပါတယ်--``ဟု တစုံတ၇ာကို စိုးရိမ်ထိတ်လန့်နေသော အမူအရာဖြင့် ပြန်ပြောလေတော့သည်။ ဘယ်လောက်များ အမျိုးသားစိတ်ဓါတ် ခေါင်းပါးလိုက်ပါသနည်း။ ဘယ်လောက်များ အင်္ဂလိပ်နယ်ချဲ့ သစ္စာ တော်ခံ ပီသနေလိုက်ပါသနည်း။ အမျိုးသားခေါင်းဆောင်ကြီး များအား အလေးပြုရန်အတွက်ဟု ပြောပါ လျှက်နှင့် အပြစ်မကင်း ဖြစ်နေပါအုံးမယ်ကွယ် ဟုပြောနေသည်မှာ အသဲနာစရာလည်းကောင်း မသိမိုက်မဲ ခြင်းအတွက် သနားစရာ လည်းကောင်းနေပါသည်။ သို့သော် ထိုသေနတ်ကို မရလျှင် ရအောင် အနုနည်း ဖြင့် တောင်းယူရမည့် တာဝန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်နေသည့်အလျောက် ----

``ဒါကတော့ ဦးရယ်-- မိုးပြိုမှာကို တွေးကြောက်နေရင်တော့ ဘယ်ဖြစ်မလဲ ၊ အခုကိစ္စမှာကတော့ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ကြီးတွေ အရေးမို့ ဦးမှာ ဘာမှ အပြစ်ရောက်စရာ မရှိပါဘူး။ မြို့ပိုင်ဆိုတာဟာ လဲ ကိုယ့်အမျိုးသားထဲက ဟာပဲ မဟုတ်လား။ ဒါလောက် တွေးကြောက်စရာ မလိုပါဘူး ``ဟု ကျွန်တော်က ဝင်ထောက်လိုက်ပါသည်။ ထိုအခါ သူကြီးသည် မိမိ၏ သေနတ်ကို ပေးလိုက်သင့် မပေးလိုက်သင့် စဉ်းစား ချင့်ချိန်နေလိုက်ပြီးနောက် ခေါင်းကို ကုတ်လိုက် ဟိုဟိုဒီဒီ ကြည့်လိုက်နှင့် စိတ်တည်ငြိမ်ရာ မရသလို ဖြစ်နေရာက------

``ဦး သဘောကတော့ မောင်ရင်တို့ ကိစ္စကို အားပေးချင်ပါတယ်။ ကူညီချင်ပါတယ်။ ဒါပေမယ့် ဦးကို တာဝန်ပေးအပ်ထားတဲ့ အထက်အရာရှိကို မလွန်ဆန်ဝံ့လို့ သာမပေးချင်တာပါ။ ဒီသေနတ်ဟာ အစိုးရ ပစ္စည်း ဖြစ်နေတော့ ဦးသဘောအတိုင်း ပေးပိုင်ခွင့် မရှိဘူးပေါ့ ၊ ဦးပိုင်တဲ့ ပစ္စည်းထဲက ဆိုရင် ဦးပေးနိုင်တဲ့ ပစ္စည်းဆိုရင် တောင်းကြပါ ဦးက ရှောရှော ရှုရှု ပေးလိုက်မှာပါပဲ ၊ မဟုတ်ဘူးလား ဦးပြောတာ-``ဟု ပြောရင်း ငြင်းဆန်နေ ပြန်ပါသည်။

ကျွန်တော့်အနီးတွင် ထိုင်နေသော ရဲဘော်ကိုသာဇံသည်ကား တိုတိုနှင့် ပြော၍မရလျှင် ဆက်၍မပြော စေလိုတော့ ၊ စိတ်မြန်သူ လူငယ်တစ်ဦးဖြစ်သဖြင့် အကြမ်းဖက်လိုစိတ် ပေါက်လာသကဲ့သို့ သူကြီးဖြစ်သူအား မျက်လုံးပြူး မျက်ဆံပြူး ကြီးနှင့်ကြည့်ကာ အစိမ်းလိုက်ဝါးစားတော့မည်ကဲ့သို့ ဖြစ်နေပေပြီ။ ကျွန်တော်ကပင် အိနြေ္ဒမပျက်စေရန် လက်ကုတ်သတိပေးလိုက်ပြီးနောက် ဆက်လက်၍----

``ဒီမှာ ဦး ကျွန်တော် နည်းနည်းလောက်ပြောပါရစေ ဦးကို ဆရာလုပ်တယ်လို့လဲ မအောက်မေ့ပါနဲ့ နော် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဦးကအကြောက်လွန်ပြီး အတွေးခေါင်နေလို့ပါ အခုအချိန်ဟာ ကျွန်တော်တို့ အရင်ခေတ် ဟောင်းတုန်းကလို မဟုတ်တော့ပါဘူး။ အခြေအနေတွေဟာ အားလုံးပြောင်းလဲနေပါပြီ။ ဗမာတပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားမှန်သမျှ ကျောခြင်းကပ် ရင်ခြင်းအပ်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေး အင်အားဟာ ဒီရေလို တဟုန်ထိုး တိုးတတ်နေတဲ့ အချိန်ပါ။ ဒီလိုအချိန်ကောင်းမှာ ကျွန်တော်တို့ဟာ အင်္ဂလိပ် နယ်ချဲ့အစိုးရကို အကြမ်းမဖက်ဘဲ ဒီအမျိုးသား ညီညွတ်ရေးအင်အားကိုပြပြီး လွတ်လပ်ရေးကို မရ အရယူဘို့ ပရိယာယ်စစ်ပွဲ ဆင်နွဲနေကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရလို့ တိုင်းပြည်နောက်ထပ် မနစ်နာသင့်ဘဲ မနစ်နာရလေအောင် တိုင်းပြည်ခေါင်းဆောင်ကြီးတွေကလည်း အနုနည်း နဲ့သာ လွတ်လပ်ရေးကို အရယူဘို့ သံန္နိဋ္ဌာန် ချထားကြပါတယ်။ အခုအချိန်မှာဆိုရင် ကျွန်တော်တို့တိုင်းပြည် ကို အနှစ်တစ်၇ာကျော် ကျွန်ဘဝမှာ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အင်္ဂလိပ်နယ်ချဲ့ အစိုးရဟာ မျက်လုံးပြူးနေပါပြီ။ သူတို့ဟာ အခု ဒုတိယ ကမ္ဘာစစ်အပြီးမှာ အရိုးနဲ့ အရေပဲ ကျန်ပါတော့တယ် ဦးရဲ့။ သူတို့ဆီမှာ ခံရတဲ့ စစ်ပွဲ ကြီးဟာ ကျွန်တော်တို့ဆီမှာ ခံရတာထက် အဆပေါင်းများစွာ ကြီးမားပါတယ်။ သူတို့ဆီမှာ စီးပွားရေး အကြပ် ရိုက်မှုတွေနဲ့ ကြုံနေရပြီး သူတို့ရဲ့ နေမဝင် အင်ပါယာကိုလည်း ထင်သလို မအုပ်စီးနိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဖ-ဆ-ပ-လ နဲ့ ဖ-ဆ-ပ-လ အလံတော်အောက် မှာရှိတဲ့ တော်လှန်ရေး အင်အားစုကို ပြပြီး အင်္ဂလိပ် နယ်ချဲ့လက်က တစ်နှစ်အတွင်း လွတ်လပ်ရေး ရရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ကတိပေးခဲ့တာကိုလည်း ဦး သိပြီးဖြစ်ပါလိမ့်မယ်``

``အဲဒီလို ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေ ကတိပေး ကြိုးစားနေဆဲမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့အတွက် အမျိုးသားလုံ ဆုံးရှုံးမှုကြီး အဖြစ် ကျွန်တော်တို့တတွေ ယူကြုံးမရ ဖြစ်နေရခြင်းပါပဲ။ ဦး ဟာလည်းပဲ အမျိုးသား တစ်ယောက်ပါ။ ဒီလို တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမျိုးမှာ ဦး မကူညီနိုင်ရင် မကူညီ ဝံ့ဘူး ဆိုရင် ဦးဟာ အမျိုးသား မပီသရာရောက်နေမှာပေါ့။ ဒီသေနတ်ကို ဦးကပေးချင်ရင် ဖြစ်ပါတယ်။ အင်္ဂလိပ်တွေနဲ့ သူတို့ရဲ့ဘက်တော်သား အထက်အရာရှိတွေကို ဒီလောက်တောင် တွေးကြောက်နေစရာ မလိုတော့ပါဘူး။ နောက်ပြီး ဒီသေနတ်ကို ကျွန်တော်တို့ က အပိုင်ယူသွားကြမှာလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ကိစ္စပြီးပြီးချင်း ပြန်ပေးမှာပါ။ ကဲ-- ဘယ့်နှယ့်လဲ ဒါလောက်ဆိုရင် ဦး သဘောပေါက်ပြီး ကျေနပ်လောက်ပြီး လို့ထင်ပါတယ်--``

တတ်သမျှ မှတ်သမျှ နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောရင်း သူကြီး၏ သေနတ်တစ်လက်ကို ရရှိရေးအတွက် စိတ်ရှည်လက်ရှည် တောင်းဆိုလိုက်ရလေသည်။ သို့သော်လည်း မည်သို့ပင် အာပေါက်မတတ် ပြောဟော သိမ်းသွင်းနေစေကာမူ သူကြီးမှာ ၎င်း၏သေနတ်ကို မပေးချင်သည့် အမူအရာ ကိုသာ ပြလျှက်ရှိပြီး မည်ကဲ့သို့ ငြင်းဆန်ခြင်းပြုရမည်ကိုသာ စကားစ ရှာနေသည့်အလား မျက်မှောင် ကုတ်၍ နေသဖြင့် ကျွန်တော်တို့မှာ မတတ်သာသည့် အဆုံး သူကြီးအား တိုတိုတုတ်တုတ် ပင်နှုတ်ဆက်၍ သူကြီး အိမ်မှ စိတ်ပျက်ပျက်နှင့် ဆင်းခဲ့ကြရလေတော့သည်။

ထိုအချိန်ကား နံနက် ၆ နာရီခွဲခန့် ရှိပြီ ဖြစ်လေသည်။ မြို့နယ် စစ်ခေါင်းဆောင်၏ အမိန့်အရ ဘီလူးကျွန်းတောင်ပိုင်း ရှိ ကျေးရွာအသီးသီးမှ ရှိသမျှ ကာကွယ်ေ၇း သေနတ်များနှင့် အခြား လိုင်စင်ရ သေနတ်များကို သိမ်းကြုံးယူဆောင်၍ နံနက် ၈ နာရီတိတိတွင် မြို့နယ် တပ်ဖွဲ့ရုံးသို့ အားလုံးရောက်ကြရမည် ဖြစ်၇ာ နောက်ထပ်တစ်နာရီခွဲအတွင်း ကိစ္စအားလုံးပြီးအောင် ဆောင်ရွက် ကြရတော့မည်ဖြစ်သည်။ ကျွန်တော်တို့သည် သူကြီး၏ သေနတ်ကို ပထမဆုံး ရရှိပါမှ ကျန်ရှိသော ကျေးရွာကော်မတီ လူကြီးများ၏ သေနတ်များ လယ်ပိုင်ရှင်အချို့၏ လိုင်စင်ရသေနတ်များ၊ ကာကွယ်ေ၇းသေနတ်များကိုပါ အားလုံးလွယ်လင့် တကူ ရရှိနိုင်မည်ဖြစ်ရာ ထိုသူကြီး၏ သေနတ်ကို ရရှိရေးအတွက် မည်ကဲ့သို့ ကြံဖန်ရမည်ကို ဆက်လက်ဆွေးနွေးရင်း အကြံအိုက်နေကြလေသည်။

ထိုသို့ ကျွန်တော်တို့တတွေ အကြံအိုက်လျှက်ရှိစဉ် ဘီလူးကျွန်းတောင်ပိုင်း ကျေးရွာများမှ ကျွန်တော် တို့ တင်ကြိုအကြောင်းကြားထားချက်အရ ရဲဘော်များအားလုံ မိမိတို့ကျေးရွာရှိ သေနတ်များကို သိမ်း၍ မိမိတို့ တပ်စုအလိုက် စည်းကမ်းတကျ စုရုံးချီတတ် လာကြသဖြင့် ကျွန်တော်တို့မှာ တအားတတ်သွားကာ အခက်အခဲ ကိုဖြေရှင်းရန် အကြံတစ်ခုကိုလည်း ရလိုက်ကြလေတော့သည်။

ထိုအကြံကား ကျွန်တော်တို့သည် လက်နက်ကိုယ်စီနှင့် ဖြစ်နေသော ရဲဘော် တပ်စု နှစ်စုကို သူကြီး အိမ်သို့ ချက်ချင်း ခေါ်ယူသွားကြပြီး သူကြီး၏အိမ်ရှေ့ မြေနီလမ်းမကြီးပေါ်တွင် သူကြီးမြင်သာအောင် တန်းစီ၍ ရပ်ပြထားကြသည်။ ထို့နောက် ကျွန်တော်နှင့် ရဲဘော်ကိုသာဇံသည် သူကြီးအိမ်ပေါ်သို့ တတ်သွား ကြပြီး သူကြီး၏ သေနတ်ကိုတောင်းယူကြပြန်သည်။ ပထမတွင် သူကြီးက ရှုတင်းတင်းဖြင့် အိမ်ထဲမှ ထွက်၍ လာသော်လည်း မိမိအိမ်ရှေ့ မြေနီလမ်းမပေါ်တွင် ရိုင်ဖယ်သေနတ်ကိုယ်စီဖြင့် တန်းစီရပ်ထားသောရဲဘော တပ်စိပ် နှစ်စိပ်ကို မြင်လိုက်တော့မှ မျက်လုံးပြူးသွားကာ ဘာမပြော ညာမပြော ချာကနဲ အိမ်ထဲသို့ လှည့်ဝင် သွားပြီး ၎င်း၏သေနတ်ကို ပျာပျာသလဲ ထုတ်ပေးလေတော့သည်။ ကျွန်တော်တို့သည် သူကြီး၏ အမူအရာကို ကြည့်ရင်း ရယ်ချင်ကြသော်လည်း အိနြေ္ဒမနည်းဆောင်ကာ သူကြီး၏ အမည် သေနတ်နံပါတ်နှင့် ယမ်းတောင့် အရေအတွက်တို့ကို ရေးမှတ်ပြီး ဝမ်းသာအားရဖြင့် သူကြီး၏ အိမ်ပေါ်မှ ဆင်းခဲ့ကြလေတော့သည်။ ထိုအခါမှ ရွာတွင်းရှိ အခြားကာကွယ်ရေး သေနတ်များ လယ်ပိုင်ရှင်အချို့၏ လိုင်စင်ဖြင့်ကိုင်သော သေနတ်များ ကိုပါ လိုက်လံတောင်းယူ နိုင်ကြကာ ဘီလူးကျွန်းတောင်ပိုင်း ကျေးရွာ အသီးသီးမှေ၇ာက်ရှိလာသော ရဲဘော်များ နှင့်အတူ အချိန်မီ ချီတတ်၍ မြို့နယ် တပ်ဖွဲ့ရုံးသို့ ထွက်ခွာ သွားနိုင်ကြလေတော့သည်။

သေဆု (သို့မဟုတ်) လွတ်လပ်ရေးဆု

ကျွန်တော်တို့ ရဲဘော်များအားလုံး မြို့နယ်တပ်ဖွဲ့ရုံးသို့ ရောက်ရှိသောအခါ အခြားကျေးရွာအသီးသီး မှ ရဲဘော် ရဲမေများလည်း စုံစုံညီညီ ရောက်ရှိစုရုံး နေကြပြီဖြစ်သဖြင့် ကျွန်တော်တို့ လူစုအား ဝမ်းသာအားရ ဆီးကြိုနှုတ်ဆက်ကြကာ ``အရေးတော်ပုံ အောင်ရမည်``ဟူသော ကြွေးကြော်သံများ လွှမ်း၍သွားတော့သည်။

ထိုစဉ်က အမှန်ကို ဝန်ခံရလျှင် ကျွန်တော်နှင့်တကွ ရဲဘော်များအားလုံး မြို့နယ်တပ်ဖွဲ့ရုံးသို့ စုရုံး၍ သာရောက်လာကြသော်လည်း ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား သေနတ်ဖောက်အလေးပြု ရန် ဟူသော မူလ ညွှန်ကြားချက်မှတပါး ရှေ့ဆက်၍ ဘာဆက်လုပ်ရမည်ကို လုံးဝမသိကြရသေးချေ။ ထိုနေ့ နံနက် က မြို့နယ် တပ်ဖွဲ့ရုံးရှေ့တွင် စုရုံးရောက်ရှိနေကြသော ရဲဘော်များအား ရန်ကုန်ပြည်သူ့ရဲဘော်အဖွဲ့ချုပ်က ဘီလူးကျွန်းပြည်သူ့ရဲဘော်များအား စစ်ပညာသင်တန်းပေးေ၇းအတွက် ခေတ္တတာဝန်ဖြင့် စေလွှတ်ထားသော (ဘီ-အိုင်-အေ ဘီ-ဒီ-အေ ) ဗိုလ်ဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်စိုးတင့်က ရဲရဲတောက် မိန့်ခွန်းတစ်ခုကို ပေးတော့မှပင် ရဲဘော်များ ဘာတွေလုပ်ပြီးပြီနှင့် ရှေ့တွင် ဘာဆက်လုပ်ရမည်တို့ကို ပွင့်ပွင့်လင်းလင်း သိရှိကြရပေတော့သည်။

ဘီလူးကျွန်းသည် သံလွင်မြစ်ဝရှိ ရေပတ်လည်ဝိုင်းလျှက်၇ှိသော အလျား ၂၄ မိုင် အနံ ၁၂ မိုင်ခန့်ရှိ ကျွန်းတစ်ကျွန်းဖြစ်၍ ကျေးရွာကြီးပေါင်း ၆၄ ရွာ ကျော်မျှရှိပြီး မြို့ပိုင်ရုံးစိုက်သော ချောင်းဆုံမြို့တစ်မြို့ ရှိရာ ထိုကျေးရွာပေါင်း ၆၄ ရွာကျော်မှ လက်ရွေးစဉ် ရဲဘော်များ တပြိုင်နက်တည်း လက်နက်ကိုယ်စီနှင့် မြို့နယ် တပ်ဖွဲ့ရုံးသို့ စုရုံးလာကြသဖြင့် အတော်အင်အား တောင့်တင်းသော စစ်တပ်ကြီး တစ်တပ်ကဲ့သို့ ဖြစ်နေလေသည်။ လက်နက်မပါသော ရဲဘော်များနှင့် လက်ရွေူးစဉ် ရဲမေ ၂၀ ခန့်အပါအဝင် စုစုပေါင်း ရဲဘော် အင်အား ၆၀၀ ခန့်ရှိလေသည်။ ထိုအချိန်အခါ ကရဲဘော်များမှာ လူစေ့တတ်စေ့ ယူနီဖောင်း မပြည့်စုံကြ အချို့ သောကျေးရွာများမှ ရဲဘော်ကြီးများမှာ ပေါင်တွင် ထိုးကွင်းမင်ကျောင်ဖြင့် ခါးတောင်းမျှောင်အောင် ကျိုက်ထား သော လူကြီးများ ခမောက်တိုကလေးများ ကိုဆောင်း၍ အင်္ဂလိပ်လုပ် ရိုင်ဖယ်သေနတ်ကြီးများကို လွယ်ထား ကြသော လယ်သမားကြီးများပင် ပါဝင်လာကြလေသည်။ ဤအချက်ကို ထောက်ရှုကြည့်ခြင်းအားဖြင့် ထိုစဉ်က ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများအပေါ် ဗမာ့ကျောမွဲ လူတန်းစားတစ်၇ပ်လုံးက အဘယ်မျှအထိ ကြည်ညို လေးစားကြခြင်းနှင့် အဘယ်မျှအထိ တော်လှန်ရေးစိတ်ဓါတ်ပြင်းထန်နေကြပုံကို သိရှိနိုင်ပေသည်။

ထိုစဉ်က ဗိုလ်စိုးတင့်သည် စုရုံးရောက်၇ှိနေကြသော ရဲဘော်များအား လက်သီးလက်မောင်းတန်း၍ ပြင်းထန်မာကျောသော အသံကြီးဖြင့်---------

``ရဲဘော်တို့-- ဒီကနေ့ ဒီအချိန် ဒီနေရာမှာ ရဲဘော်တို့အားလုံး ကျွန်းမှာရှိတဲ့ သူကြီးသေနတ်တွေ နဲ့ ကာကွယ်ရေးသေနတ်တွေကို တောင်းယူလာကြပြီး စုရုံးလာကြဘို့ အမိန့်ထုတ်လိုက်တာဟာ ဘာအဓိပ္ပါယ်လဲ ဘာလုပ်ဖို့လဲ ဆိုတာ ခပ်ရှင်းရှင်းပြောရရင် ကျဆုံးလေပြီးတဲ့ ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင် ကြီးများကို သေနတ်ဖောက်အလေးပြု ကြဘို့မဟုတ်ဘူး။ ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင်ကြီးတွေ ကြိုးပမ်းသွား ကြတဲ့ လွတ်လပ်ရေး ၊ အသက်အစတေးခံသွားကြတဲ့ လွတ်လပ်ရေး မရမချင်း အသက်စွန့်တိုက်ယူဘို့ အတွက် ဒီကျွန်းကို နည်းပရိယာယ်သုံးပြီး ရဲဘော်တွေလက်ထဲ သိမ်းပိုက်လိုက်တာ ဖြစ်တယ်``

``ဒါထက် ရှင်းရှင်းပြောရရင် ငါတို့ဟာ ဒီကနေ့ကစပြီး ဗမာ့လွတ်လပ်ရေးကို ရတဲ့အထိ အင်္ဂလိပ် နယ်ချဲ့ကို အမြစ်ကပါ မကျန်အောင် တော်လှန်တိုက်ခိုက်ကြဘို့ပဲဖြစ်တယ်။ ဒီကနေ့မနက် ဝေလီဝေလင်း အချိန်မှာပဲ မြို့နယ်တပ်ဖွဲ့ရုံးမှာ ရှိသမျှရဲဘော်တွေနဲ့ ချောင်းဆုံမြို့နဲ့ ဂါတ်ကိုပါ စီးပြီးပြီ ၊ ငွေတိုက်လဲ သိမ်းပြီးပြီ ၊ ဘာကြောင့် ဒီလို ရုတ်တရက် သိမ်းပိုက်လိုက်ရတာလဲ ဆိုတာကိုတော့ အထူးပြောနေဘို့ လိုမယ်မထင်ဘူး။ ငါတို့ရဲ့ ဖခင်ကြီးသဖွယ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေဟာ နယ်ချဲ့ပယောကကြောင့် လူမသမာရဲ့လက်ချက်နဲ့ မရှု့မလှ ကျဆုံးခဲ့ကြရတယ်။ ဒါကို ငါတို့တတွေ ဒီအတိုင်း လက်ပိုက်ကြည့်နေ ကြရတော့မှာလား။ ဘယ်နည်းနဲ့မှ မကြည့်နိုင်ဘူး။ ဒီနယ်ချဲ့ မကောင်းဆိုးဝါးတွေကို ဗမာ့မြေပေါ်က ငါတို့ မောင်းထုတ်ကြရမယ်။ အဲဒီလိုမောင်းထုတ်တယ် ဆိုတာဟာ လွယ်လွယ်နဲ့ ပြီးမယ့်ကိစ္စမဟုတ်ဘူး``

``ငါတို့ရဲဘော်တွေဟာ တမျိုးသားလုံးရဲ့ တပ်ဦးကနေပြီး တိုက်ကြမယ်ဆိုတာ ကြပ်ကြပ်ကြီး နားလည် ထားစေချင်တယ်။ သူရဲဘောနည်းတဲ့လူတွေ ၊ မိန်းမရှာတွေကို မလိုချင်ဘူး။ နောက်ဆုတ်ချင်တဲ့ လူတွေရှိရင် ခုကတည်းက အိမ်ကိုပြန်သွားကြပါ။ နောက်မှ သစ္စာဖောက်ပြီး ထွက်ပြေးရင် အသတ်ခံရမှာဘဲ၊ တော်လှန်ရေးကို ပြတ်ပြတ်သားသား လုပ်ရမှာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ မညှာနိုင်ဘူး။ ငါတို့ဟာ ဒီနေရာ ကနေပြီး တောထဲတောင်ထဲကို ရောက်ချင်ရောက်သွားမယ်။ ထမင်းငတ်ချင် ငတ်မယ်။ နောက်ဆုံး သေချင် သေမယ်။ ငါတို့ရဲ့ နောက်ဆုံးဆုလဒ်ကြီးဟာ သေဆု ၊ သို့မဟုတ် လွတ်လပ်ေ၇း ဆုကြီးပဲဖြစ်မယ်``ဟု စိတ်တတ်ကြွဖွယ်ရာ ရဲရဲတောက်မိန့်ခွန်းကို ပြောရင်းက ဖြန့်ထားသော သူ၏ ညာဘက်လက်ဖဝါးကို ရုတ်တရက် အပေါ်သို့မျှောက်၍ ပြလိုက်ပြီးနောက် ----

``ဟောဒီ ဖြန့်ထားတဲ့ လက်ဖဝါးကို ကြည့်ကြစမ်းပါ ၊ ဘာလုပ်လို့ရလဲ။ ဖြန့်ထားတဲ့ လက်ချောင်း ကလေးတွေကို တစ်ချောင်းစီ အကုန်ချိုးဖဲ့ပြစ်လိုက်ရင် အကုန်ကျိုးသွားမှာပဲ ။ ဟော အခုလို လက်သီးဆုတ် လိုက်တော့ ဘာဖြစ်သွားသလဲ။ သံလက်သီး ဖြစ်သွားတယ်မဟုတ်လား။ လက်ချောင်းကလေးတွေကို ချိုးလို့ မရတဲ့အပြင် ချိုးတဲ့သူကို ဒီသံလက်သီးနဲ့တောင် ပြန်ပြီးအလဲထိုးနိုင်တယ် မဟုတ်လား။ ဒါကြောင့် ရဲဘော်တို့ဟာ အခုအချိန်မှာ သံလက်သီးလို စည်းလုံးမှု အင်အားယူပြီး ဒီနယ်ချဲ့ ပယောဂအကောင်တွေ ကို အလဲထိုးရမယ့် အချိန် ရောက်လာပြီဆိုတာ မြဲမြဲကြီးမှတ်ထား လိုက်ကြပါ။ ဒီလို အလဲထိုးရမယ့် ပွဲမှာ နောက်ဆုံး ရမယ့် ဆုဟာကတော့ ခုတင်က ပြောခဲ့ပြီးတဲ့ သေဆု ဒါမှမဟုတ် လွတ်လပ်ရေးဆု ဒီနှစ်ဆုပဲ ရှိတဲ့ အတွက် တစ်ခုခုကို ရွေးချယ်ဖို့အတွက် ဒီကနေ့ ဒီအချိန် ဒီနေရာကစပြီး သစ္စာအဓိဋ္ဌာန် ပြုကြပါစို့လို့ နိဂုံးချုပ် အနေနဲ့ တိုတိုဘဲ ပြောလိုက်ချင်ပါတယ်`` ဟု နောက်ဆုံးတွင် လက်ဝါးနှုင့် သံလက်သီးကို ဥပမာဆောင်၍ အဆုံးသတ်လိုက်ရာ ရဲဘော်များထံမှ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် ``ချမယ်--- တိုက်မယ်--အရေးတော်ပုံ အောင်ရမည်`` ဟူသော တခဲနက်အသံကြီး ပဲ့တင်ထပ်၍ သွားလေတော့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

နောက်တစ်နေ့ နံနက်တွင်ကား ဘီလူးကျွန်း ကျွန်းသူ ၊ ကျွန်းသားများမှာ ရုတ်တရက် မမျှော်လင့်ဘဲ ဘီလူးကျွန်းကို ပြည်သူ့ရဲဘော်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကျေညာချက် ထုတ်ပြန်လိုက်သဖြင့် အံ့အား သင့်သွားကြလေသည်။ ထိုစဉ်က ကျွန်တော်သည် မြို့နယ်စစ်ခေါင်းဆောင် ကိုငွေသော်၏ တာဝန်ပေး ချက်အရ မြို့နယ်တွဲဘက် အတွင်းရေးမှုးနှင့် ဝါဒ ဖြန့်ချိရေးမှုးတာဝန်ကို ရဲဘော်သောင်းတင် ရဲဖြူ ဗိုလ်ယက္ခ (ယ္ခု လက်နက်ချပြီးသူ ) ၏နေရာတွင် ချက်ချင်းဝင်ရောက် ဆောင်ရွက်ခဲ့ရလေသည်။ ကျွန်တော်တို့သည် တကျွန်းလုံးအနှုံ့အပြား လူစည်ကားသော လမ်းဆုံလမ်းဂွများ ဈေးများ လမ်းဘေး သစ်ပင်ကြီးများတွင် နံရံကပ် ပိုစတာများဖြင့် နယ်ချဲ့ဆန့်ကျင်ရေး ဝါးဖြန့်ချိရေး ရုပ်ပြ ကြေငြာစာတမ်း များ ရေးဆွဲ၍ လိုက်လံ ကပ်ထားကြ သည်။ ထိုရုပ်ပြ ကြေငြာ စာတမ်းများတွင် ဆွဲထားသည့်ပုံမှာ ရဲဘော်တစ်ဦးသည် အင်္ဂလိပ် ယူနီယံ ဂျက်အလံ ကို စစ်ဘိနပ် စီးထားသော ခြေတစ်ဖက်ဖြင့် နင်းလျှက် လက်တစ်ဖက်မှ လှံစွတ်တပ် သေနတ်တစ်လက်ကို ကိုင်ကာ နယ်ချဲ့ရန်သူကို တအားထိုးနေပုံ ဖြစ်သည့်အပြင် ``နယ်ချဲ့ အင်္ဂလိပ် မိစ္ဆာကောင်များအား မောင်းထုတ် ကြလော့````လွတ်လပ်ရေး ချက်ချင်းပေး````နယ်ချဲ့အလိုမရှိ``စသော ကြွေးကြော်သံ စာတမ်း များကိုလည်း ရေးထားကြသည်။ ထိုနံရံကပ် ပိုစတာကြီးများ၏ အောက်နားတွင်ကား ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟု ကမ္ဗည်းထိုးထားကြသည်။

ထိုစဉ်အခါက မော်လမြိုင်တွင် အင်္ဂလိပ်တပ်များ တပ်စွဲလျှက်ရှိသေးရာ အင်္ဂလိပ်စစ်ဗိုလ်အချို့သည် ဘီလူးကျွန်းကို ကျွန်တော်တို့ သိမ်းပိုက်လိုက်ခြင်းအတွက် များစွာခံပြင်းလျှက်ရှိပြီး ကျွန်တော်တို့အား တိုက်ခိုက် ချေမှုံးလိုကြောင်း သိရှိရရာ အကယ်၍ ၎င်းတို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ခုခံ တိုက်ခိုက်နိုင်ရန် ကျွန်တော်တို့ကလည်း ဘီလူးကျွန်း ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းဟူသမျှတွင် ကမ်းခြေ စောင့်ကင်းတပ်များ ချက်ချင်း စေလွှတ်ချထားခဲ့ကြပေသည်။ ထိုစဉ်က ကျွန်တော်တို့ထဲတွင် ပြည်သူ့ရဲဘော်များ အား ချက်ပြုတ်ကျွေးမွေးရေးတာဝန်ကို ယူထားကြသော လက်ရွေးစဉ်ရဲမေ ၂၀ ခန့်ပါဝင်ရာ ၎င်းရဲမေများမှာ အကယ်၍ ကျွန်တော်တို့တတွေ အခြေအနေအရ တောထဲတောင်ထဲသို့ ထွက်ခွာ သွားကြရလျှင်လည်း ကျွန်တော်တို့နှင့်အတူ သေမကွဲ ရှင်မကွာ လိုက်ပါ၍ နယ်ချဲ့အား တိုက်ထုတ်ကြ မည့် ရဲမေများဖြစ်ကြပေသည်။ အချို့ရဲမေများမှာ လယ်ပိုင်ရှင်ကြီးများ ငွေရှင် ကြေးရှင်ကြီးများ၏ သမီးများ ပါဝင်လျှက်ရှိသည်ကို တွေ့ရရာ ထိုစဉ်က အမျိုးသားစိတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ် အဘယ်မျှ ပြင်းထန်ခဲ့ကြကြောင်း ခန့်မှန်းနိုင်ပေသည်။

ကျွန်တော်တို့သည် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်၌ ဘုရားကြီးကုန်း အောင်မင်္ဂလာ ရုပ်ရှင်ရုံကြီးတွင် လူထုတရားပွဲတစ်ရပ် ကျင်းပ၍ ဘီလူးကျွန်းကို ဘာကြောင့် သိမ်းပိုက်လိုက် ရသည်ကို ရှင်းလင်းကြသည်။ ယခုအချိန်သည် ဗမာတပြည်လုံးရှိ ပြည်သူ့တော်လှန်ရေးအင်အားစု များ ပြည်သူ့ရဲဘော်များက ဦးဆောင်၍ ဗမာ့မြေပေါ်မှအင်္ဂလိပ် နယ်ချဲ့တို့အား အပြီးအပိုင် မောင်းထုတ်ရန် အချိန် ကျရောက်ပြီဖြစ်ကြောင်း ဤကဲ့သို့ မောင်းထုတ်နိုင်မှသာလျှင် ဗမာပြည်သူတစ်ရပ်လုံး လိုလားတောင်းတ နေကြသည့် လွတ်လပ်ေ၇းကို ရနိုင်တော့မည်ဖြစ်ကြောင်း အနုနည်းဖြင့် လုပ်နေပါက နောက်ထပ်၍ နယ်ချဲ့ စစ်ဘီလူးကြီးများသည် ဗမာ့ခေါင်းဆောင်ကြီးများအား ဝါးမြိုသတ်ဖြတ်ဦးမည်ကိုပင် စိုးရိမ်ရကြောင်း ထို့ကြောင့် ကျွန်တော်တို့ ပြည်သူ့ရဲဘော်များက လက်နက်ကိုင်တော်လှန်ရန် အတွက်ပြုလုပ်ရ ကြောင်း ၊ ဤကဲ့သို့ လက်နက်ကိုင်တော်လှန်ရာ၌ လက်နက်အတွက် ရံပုံငွေများ စားနပ်ရိက္ခာများကို နောက်ပိုင်းမှနေ၍ စုဆောင်းပေးရန်လိုကြောင်း စသည်ဖြင့် ဟောပြောကြရာ ၎င်းတရားပွဲအပြီး၌ ဆန်စက်ပိုင်ရှင်ကြီးများ ၊ လယ်ပိုင်ရှင်ကြီးများသည် မိမိတို့ လှုဒါန်းလိုသည့် ပစ္စည်းစားနပ်ရိက္ခာများကို ချက်ချင်းပင် စာ၇င်းပေးသွင်း ကြလေသည်။

ထိုနေ့ ညနေပိုင်း ၃ နာရီခန့်တွင်ကား တပ်ဖွဲ့ရုံးသို့ ဘီလူးကျွန်းချောင်းဆုံ မြို့ပိုင် ဦးသိန်းသန်းနှင့် ကျွန်းအုပ်ချုပ်ရေးဘက်ဆိုင်ရာ အရာရှိအချို့ ရောက်ရှိလာကြရာ မြို့မိမြို့ဖ အချို့အား ဖိတ်ခေါ်၍ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပလိုကြောင်း ပြောဆိုသဖြင့် တပ်ဖွဲ့ ရုံးခန်းအတွင်းမှာပင် မြို့ပိုင် ဦးသိန်းသန်း၏ ရှင်းလင်းပွဲ တရပ် ကို ကျင်းပပေးရပြန်လေသည်။ ထိုရှင်းလင်းပွဲတွင် မြို့ပိုင် ဦးသိန်းသန်းက ပြည်သူ့ရဲဘော်များ ယခုကဲ့သို့ ရုတ်တရက် ကျွန်းကို သိမ်းပိုက်လိုက်ခြင်းအတွက် မှားသည် မှန်သည်ကို မိမိ အနေဖြင့် မည်သို့မျှ မဝေဖန်လိုကြောင်း ၊ မိမိမှာ အစိုးရ အရာရှိတစ်ဦးဖြစ်နေသဖြင့် သာမာန်မျက်စိဖြင့်ကြည့်လျှင် ယခု ရဲဘော်တို့ ၏ အပြုအမူနှင့် ဆန့်ကျင်ဘက်အနေတွင် ရောက်ရှိနေသော်လည်း တိုင်းရင်းသားအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ်၍ တစ်ဦးနှင့်တစ်ဦး နားလည်မှု ကင်းလွတ်ခြင်းကို မိမိက မလိုလားပါကြောင်း။ မိမိမှာလည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို အလွန်ကြည်ညိုလေးစားသူ ဗမာအမျိုးသား တစ်ဦးပင် ဖြစ်သဖြင့် တဖက်မှ ကြည့်လျှင်လည်း တမျိုးသားလုံးဆုံးရှုံး နစ်နာမှုအတွက် များစွာ စိတ်ထိခိုက်မိပါကြောင်း စသည်ဖြင့် ရဲဘော်များနှင့် ကျွန်းလူထုက မိမိအပေါ်သံသယ မကင်း မဖြစ်စေရန် အကျယ်တဝင့် ရှင်းလင်း ဟောပြောသွားလေသည်။

ထိုနေ့မှစ၍ ဘီလူးကျွန်းကို ပြည်သူ့ရဲဘော်များ သိမ်းပိုက်လိုက်ခြင်း သတင်းကား ဗမာတပြည်လုံး ဂယက်ရိုက်၍ လှုပ်ရှားသွားခဲ့သည်နှင့်အမျှ ဘီလူးကျွန်း ပြည်သူ့ရဲဘော်များ၏ နံရံကပ် ပိုစတာ များနှင့်အတူ ``ပြည်သူ့ လွတ်မြောက်ေ၇းတပ်မတော်``ဟူသော အမည်မှာလည်း ဘီလူးကျွန်း တကျွန်းလုံးပေါ်တွင် ပလူပျံ သကဲ့သို့ ရှိခဲ့လေသတည်း။

စည်းကမ်းသေဝပ်စွာ လက်နက်ချခြင်း

ဤသို့ဖြင့် ကျွန်တော်တို့သည် ဘီလူးကျွန်းအား ဆက်လက်ထိမ်းသိမ်းထားကြပြီး နောက်လေးရက် ခန့်ကြာသောအခါ မော်လမြိုင်ခရိုင် ပြည်သူ့ရဲဘော် စစ်ခေါင်းဆောင် ဗိုလ်ရန်နိုင် ဖွဲ့စည်းရေးမှုး နှင့် ဝါဒဖြန့်ချိ ရေးမှုး ဗိုလ်ကျော်သန်း (ယခင် ပြည်သူ့လွှတ်တော်အမတ် - ယခု သူပုန်အသတ်ခံရသူ) တို့ရောက်ရှိ လာကြပြီး ကျွန်တော်တို့အား အထက်အမိန့်တစ်စုံတရာ အရရှိဘဲ ယခုကဲ့သို့ အကြမ်းဖက်မှုကို မပြုလုပ်စေလိုကြောင်း ။ အခြေအနေအရ လက်နက်ချသင့်ကြောင်း ၊ လာရောက်ဆွေးနွေးကြသည်။ သို့သော်လည်း ဗိုလ်စိုးတင့်နှင့် ကျွန်တော်တို့ ရဲဘော်များက လက်နက်ချရန် မလိုလားသည့် အပြင် ရန်ကုန်ဋ္ဌာနချုပ်မှ အမိန့်ရရှိမှသာ လက်နက် ချနိုင်မည်ဟု တင်းမာနေကြသဖြင့် ထိုလက်နက်ချရေး ဆွေးနွေးပွဲမှာ ပျက်ပြားသွားခဲ့ရလေသည်။

သို့သော်လည်း ခရိုင်ခေါင်းဆောင်များသည် စိတ်အားမလျှော့ကြဘဲ လေယဉ်ပျံဖြင့် ရန်ကုန်ဋ္ဌာနချုပ် သို့ အရေးတကြီး သွားရောက်ကြကာ ဋ္ဌာနချုပ်မှ ဗိုလ်စိန်မှန် (မကျဆုံးမီ) ၏ အမိန့် စာတစ်စောင်ကို ဇူလိုင်လ ၂၄ ရက်နေ့ ညနေဘက် တွင် ကျွန်တော်တို့ထံသို့ ယူဆောင်လာကြပြန်လေသည်။ ကျွန်တော်တို့သည် ထိုနေ့ညချင်းပင် တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ် ကို ကျင်းပ ပြုလုပ်ကြပြန်သည်။ ထိုဆွေးနွေးပွဲတွင် ခရိုင်ခေါင်းဆောင်များက ခေါင်းဆောင်ကြီး သခင်နု (ဝန်ကြီးချုပ်ဟောင်း ဦးနု) ဦးစီးသော ဖ-ဆ-ပ-လ အစိုးရ သစ်ကို ဗိုလ်ချုပ်တို့ ကျဆုံးသွားသည်နှင့်တပြိုင်နက် တစ်ဗိုလ်ကျ တစ်ဗိုလ်တတ် စနစ်ဖြင့် ချက်ချင်း ဖွဲ့စည်း ထားပြီဖြစ်သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ပြုလုပ်ရန် မလိုအပ်သေးကြောင်း ၊ ဖ-ဆ-ပ-လ အစိုးရ အဖွဲ့ သစ်သည် ဗိုလ်ချုပ်တို့ ချမှတ်သွားသည့် လမ်းစဉ်အတိုင်း လွတ်လပ်ရေးကို တစ်နှစ်အတွင်းရရှိရန် ကြိုးစား ကြမည်ဖြစ်ကြောင်း ၊ အကယ်၍ ရဲဘော်တို့ လက်နက်မချဘဲ တောခိုသွားကြမည်ဆိုပါက ခေါင်းဆောင်ကြီးများ ချမှတ်သွားသော လမ်းစဉ်ကို ဖျက်ဆီး၇ာ ရောက်မည့်အပြင် လွတ်လပ်ရေးပန်းတိုင် သို့လည်း ချောချောမောမော နှင့် ရောက်ရှိနိုင်တော့မည် မဟုတ်ကြောင်း ။ ယခုအခါ လွတ်လပ်ရေးရရန် လက်တကမ်း သာလိုတော့သဖြင့် အခြေအနေအရ လက်နက်ချစေလိုကြောင်း စသည်ဖြင့် အမျိုးမျိုး ဖျောင်းဖျ ပြောဆိုဆွေး နွေးကြရာ နောက်ဆုံးတွင် အားလုံးသဘောတူညီချက် ရရှိသွားရာ နောက်တစ်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဘီလူးကျွန်း ပြည်သူ့ရဲဘော်များ လက်နက်ချပြီဖြစ်ကြောင်း ကျေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ကြပြီး ချောင်းဆုံ ငွေတိုက်မှ သိမ်းယူထားကြသော ငွေတစ်သိန်းကျော်နှင့် ချောင်းဆုံရဲဋ္ဌာနမှ လက်နက်များကို ပြန်၍ အပ်လိုက်ကြသည့်အပြင် ကျေးရွာ အသီးသီးမှ ရဲဘော်များ ရယူလာကြသည့် ကာကွယ်ရေးသေနတ်များ သူကြီး သေနတ်များကိုပါ သက်ဆိုင်ရာကျေးရွာ အသီးသီးမှ ကာကွယ်ရေးလူကြီးများ ၊သူကြီးများ အားဆင့်ခေါ်၍ ပြန်လည်ပေးအပ်လိုက်ကြလေသည်။

ထိုကဲ့သို့ ကျေနပ်မှု ရရှိကြ၍ ကျွန်တော်တို့ ရဲဘော်များ လက်နက်ချအပ်သည့် ဇူလိုင်လ ၂၅ ရက်နေ့ နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ဖ-ဆ-ပ-လ ကြားဖြတ်အစိုးရ အဖွဲ့သစ်တွင် ပညာရေး ဝန်ကြီးအဖြစ် ဆောင်ရွက်နေ သော စောစံဘိုးသင် ဘီလူးကျွန်းသို့ ရောက်ရှိလာသဖြင့် ကျွန်းလူထု နှင့် ရဲဘော်များ ပူးပေါင်း၍ ပညာရေးဝန်ကြီးအား သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ကြပြီးနောက် ရဲဘော်များအားလုံး စည်းကမ်း သေဝပ်စွာ မိမိတို့ ကျေးရွာ အသီးသီးသို့ တပ်ခေါက်၍ ပြန်သွားကြလေတော့သတည်း။


 
  လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger