တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့သူ…
Be an island onto yourself.
Be your own refuge.
Make the Dhamma your island.
Make the Dhamma your refuge.
…မိမိကိုယ်ကိုမိမိ ကျွန်းသဖွယ်ဖြစ်အောင်လုပ်ပါ။ မိမိကိုယ်ကို မိမိသာ ကိုးကွယ်စရာ၊ မှီခိုအားထားစရာ ဖြစ်ပါစေ။
…တရားကိုသာ မှီခိုစရာ ထောက်ရာတည်ရာ ကျွန်းသဖွယ် မှတ်ပါ။
…တရားကိုသာ ကိုးကွယ်စရာ မှီခိုအားထားစရာ ဖြစ်ပါစေ။
…ကိုယ့်မှာ ခန္ဓာကိုယ် အင်အားတွေရှိတယ်။
စိတ်ဓါတ်အင်အားတွေရှိတယ်။ အသိဥာဏ်အင်အားတွေ ရှိတယ်။ အဲဒီအင်အားတွေကို
ကောင်းတဲ့နေရာမှာ အပြည့်အ၀သုံးနေရမယ်။ သုံးနေရင် ထွက်နေမယ်။ မသုံးဘဲထားရင်
ကြာရင်
မထွက်တော့ဘူး။
…သက်သာရင် အစွမ်းအစ မထွက်တော့ဘူး။ အစွမ်းအစဆိုတာ မရမက ညှစ်ထုတ်မှ
ထွက်တယ်။ နှမ်းကနေ ဆီထွက်အောင် ကြိတ်ပြီးထုတ်သလို ထုတ်ရတယ်။
ဒါကြောင့်အစွမ်းအစ ထွက်ချင်ရင် သူများကို အားမကိုးပဲ တတ်နိုင်သလောက်မထွက်တော့ဘူး။
ကိုယ့်အားကိုယ်ကိုးပါ။
…ပြတ်သားတဲ့ ဦးတည်ချက်ရှိရင် လောကီဦးတည်ချက်ပဲဖြစ်ဖြစ်၊ လောကုတ္တရာ ဦးတည်ချက်ပဲဖြစ်ဖြစ် တစ်သက်လုံး လုပ်မယ်။ ကိုယ်ရော စိတ်ပါလုပ်မယ်။ အချိန်ရှိသရွေ့လုပ်မယ်၊ ဘယ်တော့မှ အလျော့မပေးဘူး၊ ဆိုတဲ့စိတ်နဲ့သာ လုပ်ကြည့်၊ ဖြစ်ကိုဖြစ်တယ်နော်။ လူမှာ အင်မတန်ကြီးမားတဲ့ စွမ်းရည်သတ္တိတွေရှိတယ်။
…ကံဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်။ ကံ၏ အကျိုးဆိုတာ အလုပ်ရဲ့အကျိုး။ ပြီးတော့ ကံလို့ ပြောလိုက်ရင် အတိတ်ကကံကိုပဲ အဓိပ္ပါယ်ကောက်ကြတယ်။ ပစ္စပ္ပုန်မှာ အချိန်တိုင်း အချိန်တိုင်း ကံတွေဖြစ်နေတယ်။ ကိုယ်က သတိနဲ့ဥာဏ်နဲ့ နေတတ်ရင် ကောင်းတဲ့ကံတွေဖြစ်နေမယ်။ ဒီကံတွေက အစွမ်းသတ္တိ ကြီးမားပါတယ်။ အားကိုး ရတယ်။
ကိုယ်က သတိနဲ့ဥာဏ်နဲ့ယှဉ်ပြီး လုပ်လိုက်တဲ့အလုပ်ဟာ အစွမ်းသတ္တိ အင်မတန်ကြီးမားပါတယ်။ သတိနဲ့ဥာဏ်နဲ့ နေတတ်တဲ့သူဟာ ကိုယ်လိုချင်တဲ့ကံမျိုးကို ဖန်တီးလို့ရတယ်။ အကြောင်းတရားဖြစ်တဲ့ ကံကို သတိနဲ့ဥာဏ်နဲ့ ဖန်တီး ထားရင် အကျိုးတရားဟာ သူ့ဟာသူ လိုက်မှာပါ။
…အခက်အခဲတွေ အဆင်မပြေမှုတွေဟာ လူ့ဘ၀မှာ မပါရင်မပြီးတဲ့ကိစ္စတွေဖြစ်တယ်။ တတ်နိုင်သလောက် ရင်ဆိုင် ဖြေ၇ှင်းသွားမယ်။ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ စိတ်သောက သိပ်မကြီးဘူး။ အနာဂတ်မှာ အခက်အခဲတွေ တွေ့ရလည်း ကြိုးစားပြီး
ဖြေရှင်းသွားရင် အဆင်ပြေသွားမှာပဲလို့ ယုံကြည်တယ်။ တစ်ခုအဆင်မပြေရင် နောက်တစ်ခု အဆင်ပြေမှာပဲ။ အရင်တုန်းကလည်း အခက်အခဲတွေကို ဖြေ၇ှင်းကျော်လွှားခဲ့တယ်။ နောင်လည်း ဒီလိုပဲဖြေရှင်းသွားမယ်။ မပြေလည်တာရှိလည်း နောက်တစ်ခု ပြောင်းလုပ်မယ်။
…ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေမှာ ဖြစ်ခဲ့တာတွေလည်း ရှိမယ်။ မဖြစ်ခဲ့တာတွေလည်း၇ှိမယ်။ ကိုယ်လုပ်နိုင်တာကို လုပ်ပြီးတော့ ကိုယ့်ဘ၀ကို အဆင်ပြေအောင်တော့နေတတ်တယ်။ မဖြစ်နိုင်တာကို မှန်းပြီးတော့ မဖြစ်လာလို့ စိတ်ညစ်တာမျိုးမလုပ်ပဲ ဖြစ်နိုင်တာလောက်ကို ကြိုးစားပြီးတော့ လုပ်မယ်။ တဖြေးဖြေး တိုးတက်အောင် နိုင်နိုင်နင်းနင်း လုပ်မယ်။
…ကောင်းတာကို လုပ်ချင်တဲ့ အင်မတန်ပြင်းပြတဲ့ဆန္ဒနဲ့ မအားမလပ်အောင် လုပ်နေတဲ့သူမှာ စိတ်ဓါတ်ကျစရာကို တွေးနေဖို့ အချိန်မရှိဘူး။ ပြင်းပြတဲ့ ဆန္ဒ၇ှိရင် အခက်အခဲ အတားအဆီး အားလုံးကို ကျော်လွှားနိုင်ပါတယ်။
…လူရဲ့စိတ်ထားထဲမှာ ကောင်းတာတွေရော၊ ဆိုးတာတွေရောဟာ အမျိုးစုံရှိတယ်၊ ကောင်းတဲ့စိတ်၊ ကောင်းတဲ့ အရည်အချင်းတွေကို ပိုကောင်းစေချင်ရင် မကောင်းတဲ့ အယူအဆ အတွေးအခေါ် သဘောထား၊ ခံယူချက်တွေ၊ မကောင်းတဲ့ဆန္ဒတွေကို
ထိန်းပေးထားရတယ်၊ နှိမ်ပေးထားရတယ်၊ လွှတ်ပေးထားလို့ မရဘူးနော်။
…ကောင်းတဲ့အတွေးအခေါ်၊ အယူအဆ၊ ကောင်းတဲ့ဆန္ဒ၊ ကောင်းတဲ့ရည်ရွယ်ချက်၊ ကောင်းတဲ့သဘောထားတွေကို ပိုပြီးတော့ ဦးစားပေးရတယ်။ ပိုပြီးတော့ နေရာပေးရတယ်။ သူပိုပြီးတော့ ကြီးထွားလာအောင်ဆိုပြီးတော့ လိုအပ်တဲ့
အထောက်အပံ့လေးတွေ သူ့ကို ပေးရတယ်။
…ကောင်းတာတွေကို အခု လုပ်နိုင်သလောက် လုပ်နေဖို့ အရေးကြီးတယ်။ နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ အရေးကြီးတယ်။ အခုလုပ်လို့ဖြစ်တာလောက်ကို မလုပ်ပဲနဲ့ အကြီးအကျယ်လုပ်မယ်လို့ စဉ်းစားနေတဲ့သူဟာ ဘာမှ လုပ်ဖြစ်မှာ
မဟုတ်ဘူး။ အဲဒီလိုလူဟာ မကြီးပွားဘူး။ ဒါကြောင့်နည်းနည်းဖြစ်ဖြစ် လုပ်လို့ရသလောက်ကို လုပ်မယ်ဆိုတဲ့စိတ်ရှိရမယ်။
…လူသားတစ်ယောက်အနေနဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် ဘယ်လောက်ထိအောင် မြင့်မားနိုင်တယ်ဆိုတာ သိထားရင် လူဆိုတာ အင်မတန်မြင့်မားတဲ့ သတ္တ၀ါဖြစ်လာနိုင်တယ်။ မေတ္တာ ဂရုဏာ အင်မတန်ကြီးမားတဲ့သူဖြစ်နိုင်တယ်။ အကျင့်သီလအားဖြင့် အင်မတန်မြင့်မြတ်တဲ့သူဖြစ်နိုင်တယ်။ အသိဥာဏ်အားဖြင့်လည်း အင်မတန် အဆင့်မြင့်တဲ့သူ ဖြစ်နိုင်တယ်။
…Self Perfection is Culture. မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားတာဟာ ယဉ်ကျေးမှုပါ။
…စိတ်ထားနိမ့်နေရင် စိတ်မှာ ကြည်လင်မှု၊ အေးချမ်းမှု
တကယ်ရမှာမဟုတ်ဘူး။ စိတ်ထားနိမ့်နေရင် အသိဥာဏ်ပါ မှားသွားတယ်။ စိတ်နေသဘောထား
မြင့်လာလို့ရှိရင် အသိဥာဏ်ပါ ပိုပြီးတော့ ပွင့်လာတယ်နော်။ အဲသလို
ကိုယ့်ရဲ့စိတ်ထား မြင့်လာလို့ရှိရင် ကိုယ်ယဉ်ကျေးမှုလည်း မြင့်လာတယ်။
ကိုယ့်ယဉ်ကျေးမှုအဆင့်အတန်းဟာ ကိုယ့်စိတ်အဆင့်အတန်းပေါ်မှာ မူတည်တယ်။
…အားငယ်တဲ့သူဟာ အားကိုးစရာကို ပြင်ပမှာရှာတယ်။ အားမငယ်တဲ့သူ၊ ဥာဏ်ပညာရင့်ကျက်တဲ့သူဟာ ပြင်ပမှာ အားကိုးစရာကို မရှာဘူး။
…နတ်ကိုးကွယ်တာ၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဇာစသည်ဖြင့်
ကိုးကွယ်တာ၊ အဆောင်တွေ၊ လက်ဖွဲ့တွေကို အန္တရာယ် ကင်းတယ်ဆိုပြီး
အားကိုးတာတွေဟာ အားငယ်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ အတွင်းမှာ
အားကိုးလောက်တာမရှိလို့ အပြင်မှာ အားကိုးစရာ ရှာကြတာ၊ တကယ်တော့ အပြင်မှာ
အားကိုးစရာ မရှိဘူး။
…တရားအားထုတ်တဲ့သူဟာ တဖြေးဖြေး စိတ်တည်ငြိမ်
အေးချမ်းပြီးတော့ စိတ်ဓါတ်ခိုင်မာလာတယ်။ အားမငယ်တော့ဘူး။
အသိဥာဏ်ရင့်ကျက်လာလေလေ၊ ကိုယ့်အားကိုယ်ကိုးလာလေလေ ဖြစ်လာတယ်။
အသိဥာဏ်ရင့်ကျက်လေလေ ပြင်ပမှာ
အားကိုးစရာမရှိမှန်း သိလေလေဖြစ်လာတယ်.....။
အားကိုးစရာမရှိမှန်း သိလေလေဖြစ်လာတယ်.....။
...နောက်ဆုံးအပိုင်း ဆက်လက်မျှဝေပေးပါမည်။
0 comments:
Post a Comment