<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » စေတီထိုက်သောပုဂ္ဂိုလ်လေးမျိုး

စေတီထိုက်သောပုဂ္ဂိုလ်လေးမျိုး


ချစ်သား အာနန္ဒာ…. ဤ(ဆိုလတ္တံ့ သော ) ပုဂ္ဂိုလ်လေးမျိုးတို့ သည် စေတီတည်ထိုက်ကုန်၏။ လေးမျိုးတို့ ဟူ သည်မှာ-
(၁)  အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်ကို စေတီတည်ထိုက်၏၊
(၂)  ပစ္စေကဗုဒ္ဓကို စေတီတည်ထိုက်၏၊
(၃)  မြတ်စွာဘုရား၏ သာဝက(အရိယာ)ကို စေတီတည်ထိုက်၏၊
(၄)  စကြ၀တေးမင်းကို စေတီတည်ထိုက်၏။ ဤလေးမျိုးတို့ ဖြစ်သည်။
ချစ်သားအာနန္ဒာ…..အဘယ်သို့ သော အကျိုးထူးကို စွဲ၍  အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်သနည်းဟူမူကား- ချစ်သားအာနန္ဒာ….. “ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်၏ စေတီတော်တည်း” ဟု လူအများတို့ သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညို စေကြကုန်၏၊ ထိုလူတို့ သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ…..ဤအကျိုးထူးကို စွဲ၍  အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်၏။

ချစ်သားအာနန္ဒာ…..အဘယ်သို့ သော အကျိုးထူးကိုစွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်သနည်းဟုမူကား- ချစ် သားအာနန္ဒာ…… “ဤစေတီသည်ကား ကိုယ်တိုင်သစ္စာလေးပါးတရားထူးကို သိမြင်တော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ စေတီတော်တည်း” ဟု လူအများတို့ သည်  မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုလူ တို့ သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ…..ဤအကျိုးထူးကိုစွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ….. အဘယ်သို့ သော အကျိုးထူးကိုစွဲ၍ မြတ်စွာဘုရား၏ တပည့်သာဝက(အရိယာ)ကို စေတီ တည်ထိုက်သနည်းဟုမူကား- ချစ်သားအာနန္ဒာ….. “ ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုဘုရားသခင် တပည့်သာဝက(အရိယာ)၏ စေတီတော်တည်း” ဟု လူအများတို့ သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုလူတို့ သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ…..ဤအကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်သာဝက အရိယာ ကို  စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ….. အဘယ်သို့ သော အကျိုးထူးကိုစွဲ၍ စကြ၀တေးမင်းကို စေတီတည်ထိုက်သနည်း ဟုမူကား- ချစ်သားအာနန္ဒာ….. “ ဤစေတီသည်ကား တရားစောင့်သော ထိုတရားမင်း(စကြ၀တေး)၏ စေတီ တည်း” ဟု လူအများတို့ သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုလူတို့ သည် ထိုစေတီ၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ…..ဤအကျိုးထူးကိုစွဲ၍ စကြ၀တေးမင်းကို စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ…. စေတီတည်ထိုက်သောပုဂ္ဂိုလ်တို့ ကား ဤဆိုအပ်ပြီးသော လေးမျိုးတို့ ပေတည်း။
ဤကား အရှင်အာနန္ဒာမထေရ်က အသေးစိတ်မေးလျှောက်၍ မြတ်စွာဘုရားရှင်က အသေးစိတ်ဖြေကြားတော်မူ ပုံတည်း။
(ဤ၌မေးဖွယ်ရှိသည်မှာ -  “မြတ်စွာဘုရားရှင်သည် အဘယ့်ကြောင့် အိမ်ရာတည်ထောင်လူ့ ဘောင်၌နေ၍ စုတေ သေလွန်သော စကြ၀တေးမင်း၏ စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မူ၍ သီလ၀န္တ ပုထုဇန် ရဟန်း၏အတွက်မူ အဘယ့်ကြောင့်စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မမူပါသနည်း” ဟုမေးဖွယ်ရှိ၏။ အဖြေကား-  “အံ့သြဖွယ်ဖြစ်မည်မဟုတ်သောကြောင့် ခွင့်ပြုတော်မမူ” ဟု အကျဉ်းဖြေရာ၏။ အကျယ်ကား- သီလ၀န္တ ပုထုဇန်ရဟန်းတို့ အတွက် စေတီကို ခွင့်ပြုတော်မူအပ်လျက် (အခြားဌာနကို မဆိုထားဘိဦး) သီဟိုဠ် ကျွန်းမှာပင် စေတီတို့ ၏နေရာ မရှိလောက်အောင်ပင် မြားမြောက်လေရာ၏၊ အခြားဌာနတို့ ၌လည်း ထို့ အတူ ပင်တည်း။ သို့ ရကား သီလ၀န္တပုထုဇန်ရဟန်းတို့ အတွက်စေတီကို ခွင့်ပြုတော်မူခဲ့လျှင် စေတီတော်တွင် အလွန့် အလွန်များနေ၍ ထိုစေတီများမှာ အံ့သြဖွယ်ဖြစ်မည်မဟုတ်သောကြောင့် ခွင့်ပြုတော်မမူ။ စကြ၀တေးမင်းကား တစ်ဦးတည်သာဖြစ်၍ ထိုစကြ၀တေးမင်း၏ စေတီသည် အံ့သြဖွယ်ဖြစ်နိုင်ပေသည်၊ ထို့ ကြောင့် စကြ၀တေးမင်း ၏ စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မူသည်။ သီလ၀န္တပုထုဇန်ရဟန်းအတွက် စေတီတည်ထိုက်မှုကို ခွင့်မပြုအပ်သော်လည်း ထိုပုထုဇန်သီလ၀န္တရဟန်းအား ပရိနိဗ္ဗာန်စံလွန်သော ရဟန်းအားကဲ့သို့ ပင် ကြီးစွာ သော ပူဇော်သက္ကာရမှုကို ပြုရန်သင့်လှ အပ်စပ်လှသည်သာဖြစ်၏။ဤကားအဖြေတည်း။)

မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ-၄၄၃ မှ ၄၄၅- မှ
ကူးယူဖော်ပြ မျှဝေပေးပါသည်


                          လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger