ဥာတိ - ဆွေမျိုးဟူသည်မှာ မိဖက်ဘဖက် ဆွေခုနှစ်ဆက်ကို ဆို၏။
ဥစ္စာစည်းစိမ်ပျက်စီးသောကြောင့်ဖြစ်စေ၊ရောဂါနှိပ်စက်သောကြောင့်ဖြစ်စေ၊အရပ်တပါးမှမိမိထံရောက်လာသောဆွေမျိုး၊မိမိအနီးပါးမှဆွေမျိုး
များကို အ၀တ် အစားအစာ ဆေးဝါး စသည်ဖြင့် ကူညီ ထောက်ပံ့ခြင်းကို ဥာတိသင်္ဂဟ ဆို၏။
သင်္ဂဟ၀တ္ထုလေးပါး
(၁)ဒါန = ပေးကမ်းခြင်း
(၂)ပေယျဝဇ္ဖ = ချစ်ဖွယ်စကား ပြောကြားခြင်း
(၃)အတ္ထစရိယာ = အကျိုးစီးပွားကို ပြုကျင့်ခြင်း
(၄)သမာနတ္ထတာ = ကိုယ်တူပြုခြင်းတို့တည်း။
ပေးကမ်းတသွယ် ၊ ချစ်ဖွယ်ဆိုရိုး
အကျိုးကိုကျင့် ၊ ကိုယ်နှင့်တူထား ၊
ထိုလေးပါး တရား သင်္ဂဟတည်း။
ဆိုခဲ့ပြီး သင်္ဂဟ၀တ္ထုလေးပါးဖြင့် ဆွေမျိုးမှန်သမျှအား ထောက်ပံ့ခြင်းကိုလည်း၊ဥာတိသင်္ဂဟ ဟုပင်ဆို၏။
ဆွေမျိုးကို ထောက်ပံ့သူမှာ တော်ပါပေတယ် ဟု အများချီးမွမ်းခြင်းခံရ၏။ချစ်ခင်ကြင်နာခြင်းဖြင့် အစဉ်ရွှင်လန်းသာယာလျက်ရှိ
နေ၏။
ထိုသို့စသော ဒိဋ္ဌဓမ္မ အကျိုးများကိုလည်းကောင်း သုဂတိဘ၀ရောက်ရခြင်း တမလွန်အကျိုးကိုလည်းကောင်း ရရာရကြောင်း
ကောင်းသော အမှုဖြစ်ရာ ဥာတိသင်္ဂဟမှာ မင်္ဂလာဖြစ်ပေသည်။
ဥာတိအရ အမျိုးသားအားလုံးယူ -
အလောင်းတော်များ မိမိအမျိုးသားအတွက်အနစ်နာခံခဲ့ပုံ၊ကူညီစောင့်ရှောက်ကာကွယ်ခဲ့ပုံများကို ဇာတကအဋ္ဌကထာများတွင် အတော်ပင်
တွေ့ရသည်။ဥာတတ္ထစရိယာတွင် ဥာတိဆိုသည်မှာ သွေးသားတော်စပ်သော အမျိုးမျှသာမဟုတ်ဘဲ ဇာတ်တူကိုယ့်အမျိုးသားများကို
လည်း ဥာတိဆိုရ၏။အားလုံး ကိုယ့်အမျိုးသားများကို ဥာတကဟုယူသော် ပိုပြည့်စုံရာ၏။
ကိုယ့်ဖို့သာအစဉ်ကြည့်တတ်သူမှာ စိတ်ထားသဘောထားသေးသိမ်သူ ကျဉ်းမြောင်းသူဖြစ်၏။ထိုသူမျိုးမှာ မိမိဆွေမျိုးအပေါ်ကူညီရန်
သတိမရတတ်၊တစ်မျိုးသားလုံးအပေါ်မှာ ဆိုဖွယ်မရှိ။
အများအကျိုးလိုလားသောသူမှာ စိတ်ထားသဘောထား ကြီးမားသူတည်း။ထိုသူအမျိုးမှာ မိမိဆွေမျိုးသာမက တတ်နိုင်လျှင် တစ်မျိုး
သားလုံး ကောင်းစားအောင်ပြုရန် အဆင်သင့်ဖြစ်နေတတ်၏။
မိမိဆွေမျိုး အမျိုးသားများအပေါ် ကောင်းဖို့ရာမှာ မေတ္တာ၊ကရုဏာအရင်းခံဖြစ်ရာ ထိုတရားများထွန်းကားသော ခေတ်အခါကဆို
လျှင် ဥာတိသင်္ဂဟမှာ သူတပါးက ဆုံးမဖွယ်မလို။အရိုးစွဲနေသော အကျင့်ဖြစ်ကာ အချင်းချင်းကူညီရိုင်းပင်းလျက်တသားတည်း ညီညွတ်
လျက်ရှိရာ သာယာသောခေတ်ဖြစ်တော့သည်။
မေတ္တာကရုဏာ ခေါင်းပါးသော ခေတ်အခါမှာမူ တစ်မျိုးလုံးမဆိုထားဘိ၊ဆွေမျိုးချင်းပင် ကွဲပြားလျက် မသာမယာဖြစ်ရသည်။
ထို့ကြောင့် သာယာသောလောက ဖန်တီးဖို့ရာ ဥာတိသင်္ဂဟ မင်္ဂလာမှာလွန်စွာ အရေးပါလှသည်။
အနမတဂ္ဂ သံသရာက ဆွေမျိုး
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ယော န မာတာဘူတပုဗော စသော အနမတဂ္ဂ ဒေသနာတော်အရဆိုလျှင် ရှည်လျားစွာ
ကျင်လည်ခဲ့ရသော သံသရာတစ်ခွင်တွင် အမိအဘ ညီအစ်ကို မောင်နှမစသည် မဖြစ်ဖူး မတော်စပ်ဖူးသူ မရှိ၊အားလုံးတော်စပ်ကြဖူးသည်
ချည်းပင်။(သံ - ၁ - ၃၉၅)
ဒေသနာနှလုံးသွင်းမိလျှင် အားလုံးပင် ဆွေမျိုးချည်း ဖြစ်ကြသည်ဟူသော ရင်းနှီးချစ်ခင် ကြင်နာသည့်စိတ်ထား ထားနိုင်ကြကာ
ကြီးမားသော စိတ်ထားရှိသူများ ဖြစ်နိုင်ကြမည်ဖြစ်ရာ ကိုယ့်အမျိုးသားများ အပေါ်မှာ စိတ်ထားကြီးမား ကျယ်ပြန့်နိုင်သူများဖြစ်ကြပါစေ။
ဟိတောပဒေသနီတိ
အယံ နိဇော ပရော ၀ါ တိ ၊
ဂဏနာ လဟုစေတိနံ ။
ဥဒါရစရိတာနံ တု ၊
ဝသုဓေ၀ ကုဋုမ္ဗ ကံ ။
အယံ၊ ထိုသူကား။နိဇော၊ ကိုယ့်နှင့်ရင်းသူ အတွင်းလူဖြစ်၏။အယံ၊ ထိုသူကတော့။ပရောဝ၊အပဖြစ်သူတစိမ်းလူသာတည်း။
ဣတိ၊ ဤသို့။လဟုစေတိနံ၊စိတ်ထားပေါ့ပျက် မလေးနက်မူ သေးသိမ်သူတို့၏။ဂဏနာ၊ကိုယ့်လူသူ့လူ နှစ်မူထားလျက် တွက်ဆချက်သည်
။ဟောတိ၊ဖြစ်တတ်ပါပေ၏။
ဥဒါရစရိတာနံတု၊ စိတ်နေ သဘောထားကြီးမြင့်မြတ်သူတို့အတွက်မှာ။
ဝသုဓာ၊ ကမ္ဘာ့ဗွေခွင် မြေတပြင်လုံးသည်၊ကုဋုမ္ဗ ကံ ဧ၀၊အိမ်ထောင် တစ်ခုတည်း မိသားစုချည်းအနေ ဖြစ်ရပါပေသတည်း
လမင်း

0 comments:
Post a Comment