<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သော ကဗျာများနှင့်ဆရာဇော်ဂျီ၊ှဆရာမင်းသုဝဏ်တို့ ၏ကဗျာများ

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သော ကဗျာများနှင့်ဆရာဇော်ဂျီ၊ှဆရာမင်းသုဝဏ်တို့ ၏ကဗျာများ


သည်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ လွတ်လပ်ရေးဖခင်ကြီး သခင်အောင်ဆန်း၏ မွေးနေ့ဖြစ်ပါတယ်.... ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။သခင်အောင်ဆန်းး အတွက် ဂုဏ်ပြုလိုက်ရပါသည်....။

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။


လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း ။ ။


သခင်အောင်ဆန်း

(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
*****************************************************************************************************
ပဲကောက်ချိန်


ဟေမန္တာ ချမ်းမယ်လို့ ပြောင်းပြန်တော့

မေအဏ္ဏ၀ါ ကမ်းဆွယ်ချောင်းမှာလ

လွမ်းဖွယ်ကောင်းပါတဲ့ သည်အချိန်...။

ကမ်းတစ်ဖက်မှာတော့

ထန်းရွက်ကာ ယာယီတဲတွေနှင့်

နေလဲမလုံပါတယ် တစ်ပိုင်းကာ ကနဖျင်းငဲ့ပြင်

မြေပဲ၊ဖရုံ၊ကိုင်း၊ယာ အတွင်းဆီက

သီချင်း တသဲ့သဲ့ တမှိန်မှိန်ရယ်

ညှင်းခဲ့ ကြိမ်ကြိမ် ...။

ငွေအဆင်းပမာ သောင်ပေါ်ဦးဆီက

ရွှေဟင်္သာမောင်နှံနှစ်ဖေါ်တို့မြူးရှာကြ

အောင်တော်ထူးကာပ နှစ်ဦးနှစ်ဖြာအချိန်

ပလူးကာ ကလိန်တာက လူ့အသွင်မခြား ...။

ရွှေယင်းသောင်

ငွေနှင်းတွေ ရီမှောင်ထန်တော့

သည်သောင်ယံ သဲပြင်မြောက်မှာလ

ညီမောင်နှံ ပဲဝင်လို့ကောက်ရှာကြ

ဆံတောက်တွေ အလျှို အလျှို ပြန်တော့

ဆို ငို ဟန် လွမ်းဖွယ်က ကောင်းပါဘိ

တောင်စောင်းမှာရေသာခို၍

အောက်ချင်းဖို ကြင်ဖော်စချိန်မို့

ချစ်သူကို လှစ်ကြူလို့ တမိပါရဲ့

ကိုင်းငူမှာ ဗျိုင်းဖြူ အလှတွေနှင့်

လွမ်းရ တအား ... ...။

ဗိုလ်ချုပ်အောင်ဆန်း
*****************************************************************************************************
ဗိုလ်ချုပ်အောင်ဆန်း - အတိတ်နှင့် ပစ္စုပ္ဖန်


မသိ၍ ဆို ၊
မလို၍ ပြော ၊

သူစိတ်မှာ အလွန်ယဉ်လို့
သူညဉ်မှာ အလွန်သန့်တယ်
ထူးချွန့် သဘော ၊

မသိ၍ ထင် ၊
မမြင်၍ ပြော ၊

သူဝိဥာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ် စိတ်စော ။

မင်းသုဝဏ်
*****************************************************************************************************
ပြောလိုက်ပါဘိ ဟောပါဘိ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊

မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊

သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ ။


သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊

အူယားဖါးယား၊

ကစားရာမှ၊ နွားရုပ်ချ၍၊

နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊

ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊

ငါမြင်ခဲ့၏ မှတ်မိ၏ ။


မိုးကစိုစို၊ ကျီးအုပ်ပြို၍၊

ထိုမှဤမှ၊ တို့လမ်းမတွင်၊

ပျံကြဝဲကြ၊ ငရဲကသို့၊

အုံကြွမည်အာ၊ မသာယာကို၊

ငါကြားခဲ့၏ မှတ်မိ၏ ။


ထိုနေ့၌ပင်၊ ထိုချိန်ထင်၏ ၊

သခင်အောင်ဆန်း ၊ ပြည်သူ့ပန်းသည်၊

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏ ၊

မြေခသတင်း၊ မိုးကြိုးခွင်းသို့၊

အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊

မချင်မရဲ၊ ဝမ်းနဲခံခက်၊

မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊

ရွာဦးပိုင်းမှ သင်္ချိုင်းထိ ။


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊

မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊

သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊

မြတ်စေချင်၏၊ မင်းမြင်ငါကြား၊

စကားဥဒါန်း၊ ဆန်း၏သတ္တိ၊

ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊

ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊

ခေါင်းဆောင်သဘော၊ မင့်သားချောကို၊

ပြောလိုက်ပါဘိ ဟောပါဘိ ။ ။

ဇော်ဂျီ

*****************************************************************************************************
ဂုဏ်အလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း ။
ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ ။
ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ ။
ဇော်ဂျီ

အောင်အောင်(မကစ)
13/2/2012
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger