မိဘတွေက ဗုဒ္ဒဘာသာဝင်တွေ ဖြစ်တာနဲ့ အညီ ကျွန်မလည်း ငယ်စဉ်က
စိတ်ထဲလေးလေးနက်နက် မယုံကြည်ခဲ့သော်လည်း မိရိုးဖလာ ဗုဒ္ဒဘာသာဝင်
တစ်ဦးဖြစ်ခဲ့ပါတယ်။ ကံအားလျော်စွာပဲ စာဖတ်လဲ ၀ါသနာပါသူ
တစ်ဦးဖြစ်ခဲ့ပါတယ်။ ကိုယ်ဘာကိုသိချင်တယ်၊ ကိုယ်ဘာကိုဖတ်ချင်တယ် ဆိုတာ
ရွေးချယ်ဖတ်တတ်လာတဲ့ အချိန်ကျတော့ စိတ်တည်ငြိမ် အေးချမ်းလိုတဲ့အတွက်
ဘာသာရေး စာပေတွေကို ဖတ်မိလာပါတယ်။ အဲဒီမှာတွေ့လာတာက တရားထိုင်တတ်ရင်၊
သတိလေးနဲ့ နေတတ်ရင် စိတ်ဟာ အေးချမ်းလာလိမ့်မယ်ဆိုတာ သိလာပါတယ်။ ဒါကြောင့်
ကျွန်မဟာ တရားစခန်းဝင်နိုင်အောင်
ကြိုးစားခဲ့ပါတယ်။ ဘယ်လိုပင်ကြိုးစားသော်လည်း အလုပ်တာဝန်တွေနဲ့ တစ်ဖက်မို့ တရားစခန်းအစကနေ တစ်ခါဖူးမျှ မ၀င်ခဲ့ဖူးပါဘူး။ ကျွန်မ၀င်ခဲ့ဖူးတဲ့ အကြိမ်အရေအတွက်ဟာလည်း မများပြားခဲ့ပါဘူး။ တရားစခန်းကနေ ကျွန်မရရှိလာတာကတော့ တရားထိုင်ရင် ဘယ်လိုထိုင်ရမယ်၊ အသက်ကိုဘယ်လိုရှူရမယ်၊ ဘယ်လိုနှလုံးသွင်းရမယ်၊ ဆိုတာပါပဲ။ ဒါပေမဲ့ သေသေချာချာ ကြိုးစားအားထုတ်ခြင်းမရှိခဲ့တဲ့ ကျွန်မဟာ တရားထိုင်ပုံထိုင်နည်းကိုတော့ သိခဲ့ပေမဲ့ အသက်ကိုသမာဓိရအောင် မရှုတတ်ခဲ့ပါဘူး။ ကြိမ်ဖန်များစွာ အသက်ရှုခဲ့တယ်၊ ဒါပေမဲ့ သမာဓိမရခဲ့ပါဘူး။ စာတွေ့ကများနေပြီ သမာဓိ မရခင် အဆင့်ကျော်ချင်နေတဲ့ အတွက် ကျွန်မ ယောင်လည်လည်ဖြစ်နေခဲ့ပါတယ်။ အင်း..တရားဟောဆရာကတော့ ပြောတယ်၊ ၀င်လေ ထွက်လေ ကိုရှုတဲ့.. ပြီးရင် ဝေဒနာကိုရှုတဲ့..စိတ်ကလွှင့်ချင်နေရင် လွှင့်ပါစေတဲ့.. တစ်ဆင့်မှာ သမာဓိမရခင် ဗြုန်းဆို နောက်တစ်ဆင့်ကို ဖျက်ခနဲ ကူးပြောင်းလိုက်တဲ့ အတွက် ဘယ်လိုမှ တရားအားမထုတ်တတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအားမလျှော့ခဲ့ပါဘူး။ စာတွေရှာဖတ်တယ်။ တရားဟောခွေတွေကိုလည်း အခါအားလျောစွာ နားထောင်ခဲ့ပါတယ်။ လက်တွေ့တော့ မတိုးတက်ခဲ့ပေမဲ့၊ တရားသဘောကိုတော့ အရင်ကထက် အနည်းငယ်ပိုပြီးနားလည်လာတာအမှန်ပါပဲ။ အဲဒီလို ရှာဖွေ ဖတ်ရှုရင်းနဲ့ တစ်နေ့မှာ အပ္ပမာဒဓမ္မရသမဂ္ဂဇင်းက ဆရာမြသန်းစံရဲ့ဆောင်းပါးလေးတွေ့လို့ ကျေးဇူးတင်စွာဖြင့် ဓမ္မမောင်နှမများအတွက် မျှဝေလိုက်ပါတယ်။
ဝင်လေ ထွက်လေဖြစ်စဉ်ဟာ တရားရှာ တရားအားထုတ်သူတို့ရဲ့ အခြေခံအကျဆုံး အာရုံပါ။ ဒီအာရုံကို စိတ်နဲ့တည့်ပေးရာ မှာတောင် အထစ်အငေါ့တွေ ဖြစ်နေသေးရင် ဒီအာရုံကနေ ကျေးဇူးပြုပေးမယ့် နောက်ဆက်တွဲ အလယ်အလတ်အာရုံ၊ အဆင့်အမြင့် အာရုံတွေနဲ့ ထိတွေဖြစ်ဖို့ က ခဲယဉ်းနေပါအုံးမယ်။ အလယ်အလတ်အာရုံဆိုတာ
စိတ်တည်ကြည်ငြိမ်သက်ခြင်း၊ အာရုံတစ်ခုတည်းမှာ စူးစိုက်နစ်ဝင်နေခြင်းဆိုတဲ့ဈာန်သဘော သဘာဝကို ပြောတာပါ။ အဆင့်မြင့်အာရုံကတော့ တည်ကြည်ငြိမ်သက်နေတဲ့ စိတ်ရဲ့အခြေအနေကို အသုံးချပြီးတော့ အာရုံရဲ့အကောင်းအဆိုး၊ အကြောင်းအကျိုး၊ စိတ်ရဲ့ဖြစ်ခြင်း ပျက်ခြင်းသဘာဝတွေကို ဥာဏ်နဲ့ ပိုင်းခြားသိမြင်နေတဲ့ သဘာဝကို ပြောတာပါ။

ဒါကြောင့်မို့
အခြေခံအကျဆုံး အာရုံဖြစ်တဲ့ ထွက်လေ ၀င်လေ ဖြစ်စဉ်ကို ရှုမှတ်တဲ့အခါ
အထစ်အငေါ့ ကင်းစေဖို့အတွက် ရှေးဆရာတော်ကြီးများက အဌကထာတွေထဲမှာ
အသေးစိတ်ညွှန်ပြခဲ့ကြပါတယ်။
ပထမဦးစွာ ထွက်လေကို
ထုတ်တဲ့အခါ ထွက်လေမှန်းသိတဲ့သတိ ရှိနေရပါမယ်။ ၀င်လေကို ရှူသွင်းတဲ့အခါ
ဝင်လေ မှန်းသိတဲ့ သတိ ရှိနေရပါမယ်။ ဒီအချိန်အတောအတွင်းမှာပဲ တောင်တောင်အီအီ
စိတ်ကူးတစ်ခု ၀င်လာရင် သတိစွမ်းအား ပျက်ပြယ်ပြီး အထစ်ငေါ့ ဖြစ်ပါတော့တယ်။
စိတ်ကူးဆိုတာကိုက စိတ်ဟာ
လက်ရှိအာရုံထဲမျာ ခြေစုံရပ်မနေဘဲ အခြားအာရုံတစ်ခုဆီကို ကူးသွားတယ်၊
ပြောင်းသွားတယ် ဆိုတဲ့ သဘောပါ။ စိတ်ကူးဆိုတာ ကူးပြီးတာနဲ့ တစ်အာရုံပြီး
တစ်အာရုံ ဆက်ပြီးကူးတော့တာ၊ မူလပေးထားတဲ့ ထွက်လေ ၀င်လေ အာရုံဆီကို
တော်တော်နဲ့ ပြန်လာချင်တာ မဟုတ်ဘူး။
တရားအားထုတ်တယ်ဆိုတာ
အခြေခံအကျဆုံး အာရုံဖြစ်တဲ့ ထွက်လေ ၀င်လေဖြစ်စဉ်ကို စိတ်နဲ့ တည့်ပေးရင်းက
သတိဥာဏ် ဖြစ်ပေါ်လာဖို့ လေ့ကျင့်ပေးနေရတာပါ။ တစ်နည်းအားဖြင့် စိတ်ကို
အာရုံနဲ့ တွဲပြီး လေ့ကျင့်ပေးရင်းက သတိစွမ်းအားမြင့်လာပြီး ဥာဏ်စွမ်းအား
ပေါ်လာအောင် ကြိုးစားရတာပါ။
ဒါကြောင့်မို့ တရားရှာ
တရားအားထုတ်တဲ့အခါစိတ်ဟာ အခြေခံအကျဆုံးအာရုံနဲ့ အဆင်ပြေမှသာ
အောက်သက်ကြေပြီး အထက်ကို တက်လှမ်းနိုင်မှာပါ။ အောက်သက်ကြေဖို့
ဆိုရာမှာလည်းအဆင့်ဆင့်ရှိပါသေးတယ်။
ထွက်လေ ၀င်လေအပေါ်မှာ
ဆက်တိုက်အာရုံပြုနိုင်တဲ့ စိတ်အခြေအနေဖြစ်ပေါ်လာပြီဆိုရင် သတိစွမ်းအား
မြင့်လာပါပြီ။ အဲဒီအခါ သတိစွမ်းအားကနေ ဥာဏ်စွမ်းအား ပါဝင်လာဖို့အတွက်
နောက်ထပ် တစ်ဆင့်တိုးပြီး ကြည့်ရှုရပြန်ပါတယ်။
ထွက်လေ ရှုထုတ်တဲ့အခါမှာ
ရှည်တဲ့အခါ ရှိချင်ရှိမယ်၊ တိုတဲ့အခါ ရှိချင်ရှိမယ်၊ ၀င်လေ
ရှုသွင်းတဲ့အခါမှာလည်း ရှည်တဲ့အခါ ရှိချင်ရှိမယ် တိုတဲ့အခါရှိချင်ရှိမယ်။
အဲဒီအခါမျိုးမှာ ထွက်လေ ၀င်လေကို ရှည်ရှည် ထုတ်နေမိပါသလား၊ သို့မဟုတ်
တိုတိုထုတ်နေမိပါသလား ဆိုတဲ့ အသိကို ထပ်ဆောင်းပြီး သိပေးဖို့ပါ။
ဒါဟာ အာရုံအပေါ်မှာ ကျက်စားနေတဲ့ စိတ်ကို အခြားအာရုံကို
ရှာကြံပြီးကူးမသွားရလေအောင် နယ်မြေချဲ့ထွင်ပေးလိုက်တာပါ။ တစ်နည်းအားဖြင့်
သိနေရမယ့်အာရုံကို အမျှင်မပြတ်သွားအောင်ရယ်၊ ဒီအာရုံထဲမှာပဲ သိစရာတွေ
နောက်ထပ်အများကြီး ရှိနေသေးတယ် ဆိုတာရယ်တွေကို စိတ်ကို တွန်းအားပေးလိုက်တဲ့
သဘောပါ။တဏှာနောက်ခံရှိနေတဲ့ စိတ်ဆိုတာက အာရုံအသစ်အဆန်းကို
ကြိုက်တယ်မဟုတ်လား၊အာရုံတစ်မျိုးတည်းကို စိတ်ဟာ ကြာကြာအာရုံမပြုချင်ဘူး။
အာရုံတစ်မျိုး တည်းဆိုရင်
မြန်မြန်ရိုးသွားတတ်လွန်းလို့အာရုံအသစ်အဆန်းကြိုက်တဲ့ စိတ်ရဲ့ သဘာဝရဲ့
လိုက်လျောညီထွေဖြစ်စေမယ့် တိုတိုထုတ်နေမိပါသလား ဆိုတဲ့ အသိကို ထပ်ဆောင်းပြီး သိပေးဖို့ပါ။
အာရုံဆီကို စိတ်ကို ဖြန့်ကျက်ခိုင်းလိုက်တာပါ။
ဒီတော့ကာ စိတ်ဟာ သြော်....
ဒီအာရုံတစ်ခုတည်းမှာကိုပဲ သိစရာတွေ အများကြီးရှိနေသေးပါလားဆိုတဲ့ လက်ခံ၊
စုံစမ်း၊ ဆုံးဖြတ်ချက်တွေနှဲ့ရှိရင်းစွဲအာရုံတစ်ခုတည်းကိုပဲ
စိတ်ဝင်စားသွားပြီး တိုးမြှင့် စူးစိုကြည့် မိလာပါတော့တယ်။
အာရုံအပေါ်မှာ
စိတ်ဝင်စားသွားပြီဆိုကတည်းက သမာဓိရှိလာပါပြီ။ သတိလည်း အားကောင်းလာပါပြီ။
သိချင်ဇော ပါလာတဲ့အတွက်လည်း ၀ီရီယက အားကောင်းလာပါပြီ။ ပညာဥာဏ်လည်း
နိုးကြားထက်မြက်လာပါပြီ။
အဲဒီမှာတွင် အဌကထာဆရာက
သတိမြဲစွာ ပထမာ၊ ဒုမှာ တိုရှည် သိကာနေ၊ တိုတိုပဲ ရှုရှု၊ ရှည်ရှည်ပဲရှုရှု အစ၊
အလယ်၊ အဆုံး သုံးခုစလုံးသိပါစေလို့ စိတ်ကို တာဝန်တိုးမြှင့်ပေးလိုက်ပါပြီ။
လူ့လောကစကားနဲ့ ပြောရရင် ရာထူးတိုးပေးပြီး တာဝန်ကြီးကြီး
ဆောင်ရွက်ခိုင်းလိုက်သလိုပေါ့။
အဲဒီအခါ စိတ်ဟာ ထွက်လေ
ဝင်လေရဲ့အစ၊ အလယ်၊ အဆုံးကို သတိထားပြီး ကြည့်ဖြစ်သွားတော့တယ်။ ထွက်လေ
စဖြစ်တဲ့ အခြေအနေဟာ 'အစ' ဖြစ်ပြီး၊ မဆုံးတဲ့ အချိန်တစ်လျှောက်လုံး ထွက်လေ၊
ထုတ်နေသမျှ အခြေအနေတစ်ခုလုံးဟာ 'အလယ်' ဖြစ်စဉ်ဖြစ်ပြီး တိခနဲ ဆုံးသွားတဲ့
အခြေအနေဟာ 'အဆုံး' ဖြစ်စဉ်ရဲ့ အခြေအနေလို့ နားလည်သွားတော့တယ်။
ဒီဖြစ်စဉ်မှာကိုပဲ
အခြေအနေနဲ့ အချိန်အခါ တွဲလျက်ရှိတဲ့ အနေအထားကိုလည်း သိမြင်လာတော့တယ်။
အခြေအနေနဲ့ အချိန်အခါ တွဲလျက်ရှိတဲ့ အနေအထားကိုလည်း သိမြင်လာတော့တယ်။
ထွက်လေဆုံးသွားတဲ့အခါ ၀င်လေဟာ
ချက်ချင်းဖြစ်မလာသေးဘဲ ကြားခုလတ် ရပ်နားချိန်လေးကိုလည်း သတိထား မိလာတယ်။
အဲဒီအခြေအနေနဲ့ အချိန်အခါလေးမှာပဲ လေကို ရှုသွင်းချင်တဲ့စိတ်ကလေးက
ဘယ်ချောင်ကနေ ဘယ်လို ထွက်လာတယ် မသိ၊ ဖျတ်ခနဲ ပေါ်လာတယ်။ အဲဒီ
ရှုသွင်းချင်တဲ့စိတ်ကလေး ပျောက်ဆုံးသွားတာနဲ့ တစ်ပြိုင်နက်
လေကို စပြီး ရှုသွင်းမိလျက်သား ဖြစ်နေတာကိုလည်း သတိပြုမိလာတယ်။
လေကို စပြီး ရှုသွင်းမိလျက်သား ဖြစ်နေတာကိုလည်း သတိပြုမိလာတယ်။
အဲဒီအခါ ရှုသွင်းချင်တဲ့
စိတ်က အကြောင်းဖြစ်ပြီး ရှုသွင်းလိုက်တဲ့ လေဟာ အကျိုးတရား ဖြစ်နေပါပေါ့လား
ဆိုတာ ဥာဏ်က တဖြည်းဖြည်းရိပ်မိလာတယ်။ ပြီးတော့ ၀င်လေဖြစ်စဉ်အစ၊ အလယ်၊ အဆုံး
အခြေအနေတွေကို သိမြင်မှတ်သားပြီးတဲ့ အချိန်မှာ
ဝင်လေအဆုံးနဲ့ ထွက်လေအစရဲ့ ကြားကွက်လပ်ကလေး၊ အဲဒီကြားကွက်လပ်ကလေးထဲမှာ ပေါ်လာတဲ့ ထွက်လေထုတ်ချင်တဲ့ စိတ်ကလေး ပေါ်ပြီး ပျောက်သွားတာတွေကို ရိပ်မိလာတယ်။ ပြီးတဲ့နောက် ထွက်လေဖြစ်စဉ်ရဲ့အစ၊ အလယ်၊ အဆုံးအခြေအနေ တွေနဲ့ ထွက်လေဖြစ်စဉ်ကြီးတစ်ခုလုံး ကုန်ဆုံးပျောက်ကွယ်သွားတဲ့ သဘောသဘာဝတွေကို ဥာဏ်က ကျက်စားလာမိတယ်။

ဒီလုပ်ငန်းဟာ
အတွေ့အကြုံများရင် များသလောက် စွဲစွဲ မြဲမြဲ အားထုတ်တဲ့ သက်တမ်းကြာရင်
ကြာလာသလောက် သိမြင်မှုတွေဟာ ပိုပြီးကျယ်ပြန့်၊ ပိုပြီး အသေးစိတ်လာပါတော့တယ်။
ဒီလုပ်ငန်းကို ခဏရပ်ပြီး ပြန်ပြောင်းတွေးတော ဆင်ခြင်ကြည့်တဲ့အခါမှာတောင်
လုပ်ငန်းလုပ်နေစဉ်တုန်းက မသိမြင်လိုက် ဖြစ်ခဲ့တာတွေကိုတောင် မြင်ယောင်နေမိ
ပြန်ပါသေးတယ်။
ဥပမာ ၀င်လေရှုသွင်းချင်တယ်
ဆိုတဲ့စိတ်ဟာ ကိုယ်က အမိန့်ပေးလိုက်လို့ ပေါ်လာတာလား၊ ထွက်လေ
ရှုထုတ်ချင်တယ်ဆိုတဲ့ စိတ်ကကော ကိုယ့်အလိုကျ ပေါ်လာတာလား၊
ကိုယ်ပါဝင်ပတ်သတ်နေတာလား၊ သူ့သဘာဝ
ဖြစ်စဉ်လား၊ ကိုယ်နဲ့ဆိုတာ ဟုတ်ရဲ့လား၊ ကိုယ်နဲ့ပတ်သတ်နေတာရော ဟုတ်ရဲ့လား၊ အဲဒီအချိန်မှာ ပတ်သတ်နေတာတွေ မှန်သမျှ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမတွေ ရှိသလားလို့ ဆန်းစစ်ကြည့်တဲ့အခါ ကိုယ့်အလိုကျမဟုတ်၊
ခိုင်မြဲနေတာတွေ မဟုတ်ဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ချက်အမှန်တွေ ချလာနိုင်ပါလိမ့်မယ်။

ဒီတော့မှပဲ ထွက်လေ၊
ဝင်လေဖြစ်စဉ်ကြီးထဲမှာ ပါဝင်နေရတဲ့စိတ်နဲ့ ရုပ်တို့ရဲ့ အပြန်အလှန်
အကြောင်းအကျိုး၊ ဆက်စပ်မှု သဘောသဘာဝကို သိမြင်လာပါလိမ့်မယ်။ အဲဒီအခါ ထွက်လေ
ဝင်လေဆိုတဲ့ ကာယသင်္ခါရကြီးရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖြစ်စဉ်ကြီးကို
ချုပ်ငြိမ်းသွားသည် အထိ ဆက်ပြီး အားထုတ်ဦးမှဆိုတဲ့ ဆုံးဖြတ်ချက်တွေ
ခိုင်မာလာပါလိမ့်မယ်။
ဒါဆိုရင် "ဘိက္ခဝေ၊ ချစ်သားတို့-
၁။ အာနာပါန ကမ္မဌာန်းအလုပ်ကို နေ့ရက်ရှည်စွာ ကြီးပွားထမြောက်အောင် လုပ်ဆာင်ပါမူကား သတိပဌာန်လေးပါး ပွားများမှုကိစ္စလည်း ပြီးစီးတော့သည်။
၂။ ဗောဇ္ဈ(၇)ပါးကို ပွားများမှုကိစ္စလည်း အလိုလိုပြီးစီးတော့သည်။
၃။ ၀ိဇ္ဖာ၊ ၀ိမုတ္တိတရား(၂)ပါး ပွားများမှုကိစ္စလည်း ပြီးစီးတော့သည်။"
ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကိုလည်း စွဲစွဲမြဲမြဲ ထဲထဲဝင်ဝင်
ယုံကြည်ပြီးရင်းယုံကြည် ဖြစ်နေပါလိမ့်မယ်လို့ ပြောပြချင်တာပါ.........။
ယုံကြည်ပြီးရင်းယုံကြည် ဖြစ်နေပါလိမ့်မယ်လို့ ပြောပြချင်တာပါ.........။
လမင်း
0 comments:
Post a Comment