<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)

ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)

ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။
နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး
မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲ
မွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါ

သည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေ
သည်ဟုထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး
ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။



ဆင်းရဲခြင်းသည် နောက်ပိုင်း ရောဂါအမျိုးအစားအထဲ ထည့်သွင်းလာသဖြင့် ဆရာဝန်တွေလည်း သိထားသင့်ပါသည်။
ထို့ကြောင့် ဆင်းရဲမွဲတေမှုကို ရောဂါတခုကို လေ့လာသလို လေ့လာခြင်းသည် အဖြေမှန်ရရန် ပိုနီးစပ်ပါသည်။
လက်တွေ့လည်း ပါရပါမည်။



လေ့လာပုံမှာ ...

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)

(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)

(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)

(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)

(၅) ဆင်းရဲခြင်း ရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)

(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)

(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အထက်ပါအတိုင်း လေ့လာကုသပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။



“ဆင်းရဲခြင်း၏ ရောဂါလက္ခဏာများကိုသာ အလေးပေး ကုသနေပါက
ရောဂါမကောင်းသည့်အပြင် နောက်ဆက်တွဲ ရောဂါလက္ခဏာများ
ဝင်ရောက်လာပါက တတိုင်းတပြည်လုံး ဒုက္ခပင်လယ်ဝေနိုင်သည်။
ရောဂါဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ရှာဖွေကုသနိုင်ပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။
ရောဂါအမြစ်ပြတ်မှ ဗိုလ်ချုပ် ဆိုညည်းခဲ့သော “လှေကလေးကို လှော်မည် ...
ဘေးမသန်းဘဲ အေးချမ်းတော့မည်” ဆိုသော သီချင်းကို တူပြိုင်ဆိုကာ
တတိယကမ္ဘာမှ ချန်ပီယံကမ္ဘာသစ်ဆီ ချီတက်နိုင်မည်။”

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)

ဆင်းရဲမွဲတေမှုမှာ ရောဂါနှစ်ခုကို ယှဉ်တွဲခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆင်းရဲခြင်းသည် ရောဂါစစ်စစ်ဖြစ်ပြီး မွဲတေမှုမှာ
ပျင်းရိမှုကြောင့်ဖြစ်သော ရောဂါအတုဖြစ်သည်။ ဥပမာ - အကျီနှစ်ထည်သာ ရှိသူသည် မပျင်းမရိနှင့် လျှော်ဖွတ်ဝတ်
ဆင်ပါက မွဲတေနေစရာမရှိပါ။ ဆင်းရဲလို့ဆိုပြီး တေတေပေပေ အရက်သောက်နေပါကလည်း မွဲတေနေပါမည်။
ဆင်းရဲခြင်းကိုသာ ဦးစားပေး ဖွင့်ဆိုအပ်ပါသည်။



၁။ တရက်မှာ ပိုက်ဆံ ကျပ် ၁,၀၀၀ မရပါက ဆင်းရဲသည်။
၂။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရပါက ဆင်းရဲသည်။
၃။ ညံ့ဖျင်းသော ပညာရေး ရရှိနေပါက ဆင်းရဲသည်။
၎။ နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ခံထားရပါက ဆင်းရဲသည်။
၅။ မိမိဆန္ဒများကို လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်ခွင့် ဆုံးရှုံးနေပါက ဆင်းရဲသည်။
၆။ တောင်းဆိုဆန္ဒပြနိုင်ခွင့် မရှိပါက ဆင်းရဲသည်။



အခု အများစု ဆွေးနွေးနေသည်မှာ Income-based issue များသာလွှမ်းမိုးနေသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါ
သည်။ အမှတ်စဉ် ၄ လောက်အထိသာ ဆွေးနွေးနေပြီး အမှတ်စဉ် ၅ နှင့် ၆ များမှာ ပေါ်ပေါ်ထင်ထင် မရှိလှ။





(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)

- ပိုက်ဆံ မလောက်ငှ၍ အမြဲ စိတ်ပူပန်နေရသည်။
- အလှူခံလာရင် ထွက်ပြေးချင်စိတ်ပေါက်နေသည်။
- ကျပ် ၅,၀၀၀ တန် ဖုန်းရမည် သတင်းကြားက ပျော်ရသည်။
- အလှူပွဲများရှိက အပြေးသွားမည်။
-  နာရေးရှိက ကူမည့် လူကို မျှော်ရသည်။
- ဆေးရုံ၊ ဆေးခန်း မသွားရဲပါ။
- ချဲဂဏန်း အိပ်မက်ရက ပြေးထိုးချင်သည်။
- လူကြားထဲ ရဲရဲ မသွားရဲ။
-  Supermarket အထဲ မ၀င်ရဲ။
-  နိုင်ငံခြားသွား ပိုက်ဆံရှာချင်စိတ်ပေါက်နေသည်။
- လိမ်ညာစားချင်စိတ်ပေါက်နေသည်။
- အစိုးရမကောင်းလို့ဟု ထင်မြင်ကာ အစိုးရ ကောင်းသောအရာများ လုပ်နေသည်ကို မကောင်း အမြဲထင်နေသည်။
-  တပွဲထိုး စီးပွားရေးပွပေါက်များကို ချောင်းမြောင်းနေတတ်သည်။
- ဒီမိုကရေစီရမှ ချမ်းသာမည်ဟု အထင်အမြင် မှားနေတတ်သည်။


အချုပ်ဆိုပါက စိတ်ပိုင်းရုပ်ပိုင်း ပျက်ယွင်းပြီး အရာရာကို အကောင်းမမြင်နိုင်ကာ စိတ်ပိုင်းရုပ်ပိုင်း ကျဆင်းနေခြင်း
လက္ခဏာများကို ပေါင်းရုံးထားခြင်းဖြစ်သည်။ ပိုမိုသိရှိသော မိတ်ဆွေဆရာဝန်များမှာ ရောဂါလက္ခဏာများကို ထပ်ချဲ့ပေး
ပါရန် မေတ္တာရပ်ခံအပ်ပါသည်။




(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)

၁။ အစိုးရများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
၂။ စစ်ပွဲများဖြစ်ပွားနေခြင်း
၃။ တရားဥပဒေစိုးမိုးမှု မရှိခြင်း
၎။ လူ့အခွင့်အရေးများ ဆုံးရှုံးနေခြင်း
၅။ မေတ္တာတရား ခေါင်းပါးနေခြင်း
၆။ လူမှန်နေရာမှန် မရှိခြင်း
ရ။ နည်းပညာ အားနည်းခြင်း




(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)

လူတယောက်ချင်း ဆင်းရဲမှုမှသည် လူအများ ဆင်းရဲလာကာ ကူးစက်ရောဂါသဖွယ် ပျံ့နှံ့သွားပါက တတိုင်းတပြည်
လုံး ဆင်းရဲသွားနိုင်သည်။ ဆင်းရဲသားတွေမှာ သေမထူးနေမထူး စိတ်ထားဝင်လာပါက နိုင်ငံတွင် ဆူပူရမ်းကားမှုများ
ပြုလုပ်ခြင်းကြောင့် တိုင်းပြည် ဆင်းရဲတွင်း ပိုနစ်တတ်သည်။ နောက်ဆုံး အာဏာရှင် ပေါ်ပေါက်လာကာ ပိုဆိုးသော
သံသရာဝဲဂယက်အထဲ ကျရောက်တတ်သည်။




(၅) ဆင်းရဲခြင်းရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)

ရောဂါရာဇ၀င် မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းများကို တဦးယောက်တည်း ပြုလုပ်ပါက ရူးသွားနိုင်သည်။ စုပေါင်းမေး
မြန်း စမ်းသပ်မှသာ ရောဂါကို ဖော်ထုတ်၍ ရမည်။




(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)

ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများနှင့် စပ်ဟပ်ကာ အနက်အဓိပ္ပာယ်များထဲမှ တခုပါပါက ဆင်းရဲခြင်း ရောဂါ
ဆိုပြီး သတ်မှတ်နိုင်ပါသည်။




(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အလုပ်အကိုင် အခွင့်အလမ်း တိုးပွားကာ လစာတိုး လုပ်ခတိုးခြင်း ဆိုသော ဆေးမြီးတိုနှင့် ဆင်းရဲခြင်း
ရောဂါ လုံးဝမပျောက်နိုင်ပါ။

- အဆင့်မီ ခေတ်မီပညာရေးဆိုသော ဆေးခါးကြီး။
- အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုသော မေတ္တာဆေးတော်။
-  နိုင်ငံသားတိုင်းကို နိုင်ငံရေးဖြစ်စဉ်အထဲ ပါဝင်ခွင့်ပြုခြင်းတည်းဟူသော မုဒိတာဆေးကြီး။
- သတင်းစာမီဒီယာများကို ဦးစားပေးသော အမြင်ကျယ်ဆေး။
- လူထု၏ တောင်းဆိုဆန္ဒပြမှုများကို နားလည်ခံစားပေးတတ်သော စာနာမှုဆေးကောင်း။


စသည့် ဆေးများအပြင် ရောဂါဖြစ်ရခြင်း အကြောင်းရင်းများကို ရှာဖွေကုသပါမှ ဆင်းရဲခြင်းရောဂါ အမြစ်ပြတ်မည်။


၁။ တကယ့် Clean Government နှင့် စစ်မှန်သည့် Good Governance ဖော်ဆောင်ခြင်း။

၂။ မှန်ကန်သောနည်းလမ်းဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခြင်း။ စားဖားညီညွတ်ရေးထက် တိုင်းရင်းသားများ၏
တကယ့်ညီညွတ်ရေးကို ဖော်ဆောင်ခြင်း။ တိုင်းရင်းသား (ဗမာ အပါအ၀င်) များ၏ အသံကို အလေးထား နားထောင်ခြင်း။

၃။ တရားဥပဒေ အထက်၊ အရှေ့၊ အနောက်တွင် မည်သူမှ ရှိမနေရန် ဆောင်ရွက်ခြင်း။ ပြည်သူအကျိုးရှိမည့် ကိစ္စရပ်များ
ကို ဥပဒေမရှိသေးဟု ငြင်းပယ်ခြင်းများကို ရပ်ဆိုင်းခြင်း။

၎။ လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများကို လေးစားခြင်း။

၅။ မေတ္တာတရား ထွန်းကားအောင်နေကြခြင်း။

၆။ လူမှန်နေရာမှန် ထားပေးခြင်း။

၇။ နည်းပညာ အားနည်းနေမှုများကို အားကောင်းလာအောင် ကြိုးစားဆောင်ရွက်ခြင်း။


စသော ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ကုသရမည်။
Public health doctors များ ပိုမိုသိရှိလိမ့်မည်။


ဆင်းရဲခြင်း၏ ရောဂါလက္ခဏာများကိုသာ အလေးပေး ကုသနေပါက ရောဂါမကောင်းသည့်အပြင် နောက်ဆက်တွဲ
ရောဂါလက္ခဏာများ ၀င်ရောက်လာပါက တတိုင်းတပြည်လုံး ဒုက္ခပင်လယ်ဝေနိုင်သည်။ ရောဂါဖြစ်ရခြင်း အကြောင်း
အရင်းများကိုပါ ရှာဖွေကုသနိုင်ပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။ ရောဂါအမြစ်ပြတ်မှ ဗိုလ်ချုပ် ဆိုညည်းခဲ့သော
“လှေကလေးကို လှော်မည် ... ဘေးမသန်းဘဲ အေးချမ်းတော့မည်” ဆိုသော သီချင်းကို တူပြိုင်ဆိုကာ တတိယကမ္ဘာ
မှ ချန်ပီယံကမ္ဘာသစ်ဆီ ချီတက်နိုင်မည်။


လမ်းကတော့ ကြမ်းသည်။ မလိုက်နိုင်သူများ နေခဲ့ရမည်။ ၀ိုင်းဝန်းဆွေးနွေး အကြံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်
ပါသည်။ ကျနုပ်တို့ ဆင်းရဲခြင်းရောဂါကို စုပေါင်းကုကြရအောင်။ ကုသပုံ နည်းလမ်းများကို တင်ပြပေးကြပါရန်။ အစိုးရ
ချည်း အားမကိုးဘဲ ရှာဖွေကြပါစို့။ ဆရာဝန်တွေ ကုနိုင်ပါသည်။ စီးပွားရေးသမားတွေကတော့ စီးပွားရေးတိုးတက်တာ
တခုတည်းကို ဦးစားပေးနေတာ တွေ့နေရသည်။ စီးပွားရေးတိုးတက်တာ တခုတည်းနဲ့ ဆင်းရဲခြင်းမလွတ်နိုင် ...။



ထို့ကြောင့် ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ကြပါစို့ ...။


လေးစားယုံကြည်စွာဖြင့် ...


                            လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger