<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » အဘိဓမ္မာအခါတော်နေ့ ( သီတင်းကျွတ်လပြည့် )

အဘိဓမ္မာအခါတော်နေ့ ( သီတင်းကျွတ်လပြည့် )

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အကြောင်းကို လူအများစု သိရှိကြတာ များပါသည်။ လူအများ သိရှိထား ကြသလိုပင် ဗုဒ္ဓလက်ထက်တော်မှ စကာ ယနေ့အထိ အစဉ်အလာ ကောင်းခဲ့သော နေ့ထူးနေ့မြတ် တနေ့ လည်း ဖြစ်နေသည်။


သီတင်းကျွတ်လပြည့်နေ့၏ ဂုဏ်ပုဒ်များ

ဘုရားသားတော် ရဟန်းတော်များ ၀ါတွင်းသုံးလအတွင်းမှ ၀ါကျွတ်သောနေ့၊
အပြစ်ရှိက ပြောကြားပါရန် ၀ါဆိုသောသံဃာ အချင်းချင်း ဖိတ်မာန် အမှုပြုကြသော မဟာပ၀ါရဏာနေ့၊
 ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြား အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊
  
နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊
 ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊

စကြာဝဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာသတ္တ၀ါ အားလုံးတို့သည် တဦးကို တဦးအချင်းချင်း  မြင်နေကြရပြီး  လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက် ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်ထိန်နေကာ ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊
နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန် သောနေ့ စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသော နေ့ထူး နေ့မြတ် ပင်ဖြစ်ပါသည်။
 
 

တာဝတိံသာနတ်ပြည် မကြွခင် အခြေအနေများ

ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး ( ၇ ) ၀ါမြောက်ဝါဆိုခါနီးတွင် သာဝတ္ထိမြို့ ကဏ္ဍသရက် ဥယျာဉ်အတွင်း၌ တိတ္ထိများ နှင့် တန်ခိုးပြိုင်မည် ဟု ကြေညာတော်မူကာ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့သည်၊ ဃရဏီမည်သော အနာ ဂါမ်ဥပါသိကာမ၊ စူဠအနာထပိဏ်မည်သော အနာဂါမ်ဥပါသကာ၊ ပဋိသမ္ဘိဒါပတ္တ စီရမည်သော ရဟန္တာသာမဏေမ၊ စုန္ဒမည်သော ရဟန္တာကိုရင်လေး၊ ဘိက္ခုနီလက်ဝဲတော်ရံ တန်ခိုးအရာ ဧတဒဂ်ရ ရဟန္တာမ ဥပ္ပလ၀ဏ္ဏာနှင့်  လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် မထေရ်တို့က ဘုရားရှင်ကိုယ်တော်အစား တိတ္ထိတို့နှင့်  တန်ခိုးပြိုင်ပါမည် ဟု လျောက်ထားကြ သည်၊

သို့သော်လည်း ဘုရားရှင်သည် ဤနေရာတွင် ငါဘုရား၏ တာဝန်ဖြစ်သည်၊ သင်တို့နှင့် မသက်ဆိုင်ပါ၊ တကယ် အရေးကြုံလာလျင် ငါဘုရားထမ်းဆောင်ရမည့် တာဝန်ကို မည်သူတဦးတယောက်ကမှ မထမ်းဆောင်နိုင်ကြပေဘူး ဟု မိန့်မြွက်တော်မူကာ ကဏှဥသဘဇာတ်တော် ( ဇာ ဋ္ဌ ၁၊ ၁၊ ၁၉ ) နှင့် နန္ဒိဝိသာလ ဘုရားအလောင်း နွားလားဥသဘ ဇာတ်တော် တို့ကို ဟောကြားေ တ်ာမူကာ တပည့်ပရိသတ်များကို ဖြေသိမ့်ပေးတော်မူခဲ့သည်။

ထို့နောက်တွင်တော့ ကိုယ်တော်တိုင်  တေဇောကသိုဏ်းသမာပတ်၏ အစွမ်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှ မီးတောက် အလျံများ ထွက်နေသော်လည်း ကိုယ်တော် အထက်ပိုင်းမှ အာပေါကသိုဏ်းသမာပတ်၏အစွမ်းဖြင့် ရေအလျံများ ထွက်ကျ နေအောင် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းပြ တော်မူသည်၊ ခန္ဓာကိုယ်နောက်ပိုင်းမှ ရေအလျံများ ကျနေလျင် ရှေ့ပိုင်းကိုယ်မှ မီးတောက်များ ထွက်နေအောင် ဖန်ဆင်း ပြတော်မူခဲ့သည်၊ ပရိသတ်ထဲမှ တယောက်ချင်းစီ၏ စိတ်အလိုကို ကြည့်တော်မူကာ သူတို့စိတ် အလိုကျ၊   မြင်ချင်သလို တန်းခိုးအမျိုးအစားကို ဖန်ဆင်းတော်မူပြီး နှုတ်တော်မှလည်း တရားဟောတော်မူသည်။

ဘုရားရှင်၏ စိတ်ဖြစ်စဉ် လျင်မြန်လွန်းသောကြောင့် ကသိုဏ်းဈာန်များကို  နိုင်နိုင်နင်းနင်း ၀င်စားကာ တန်ခိုးတော်တို့ကို တမျိုးပြီးတမျိုး မရိုးနိုင်အောင် ဖန်ဆင်းနေသည်ကို ကြည့်ရှု ဖူးမြင်ရသူ လူအပေါင်းတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ရေရော မီးရောထွက်နေသယောင် ထင်မှတ်နေကြ ရသည်။ ဤကား ဘုရားရှင်၏ တိတ္ထိတို့နှင့် တန်ခိုးပြိုင်စဉ် မြင်ကွင်း တစ်ချို့ဖြစ်ပါသည်။ ထိုအချိန်မှ စ၍ တိတ္ထိတို့လဲ ကစဥ့် ကလျား ဖရိုမရဲ ထွက်ပြေးကြကာ ပုရာဏကဿပသည်ကား မိမိလည်ပင်းတွင် သဲအိုးကို ကြိုးချည်ဆွဲကာ မြစ်ထဲခုန်ချပြီး ဘ၀နိဂုံးအဆုံး သတ်သွားသည် ဟူ၏၊ ယနေ့အထိ အ၀ီစိငရဲ မှာ ရှိနေသည်ဟု ဆိုပါသည်။

ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူပြီးသည်နှင့် တပြိုင်နက် ညာဖက်ခြေဖ၀ါးကို လှမ်းကာ ယုဂန္ဓိုရ်တောင် ထိပ်ပေါ်နင်းပြီး၊ ဘယ်ဖက်ခြေလှမ်းကို မြင့်မိုရ်တောင်ထိပ်တွင် ချတော်မူသည်၊ ထို့နောက် တာဝတိံသာနတ်ပြည် ပင်လယ် ကသစ်ပင်ခြေရင်းမှ  သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ထိုင်တော်မူကာ လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ ဖူးသော မယ်တော်မာယာတဖြစ်လဲ သန္တုဿိတနတ်သား အမှုးပြုသော နတ်ဗြဟ္မာများအား အဘိဓမ္မာ ပဋ္ဌာန်းတရား တော်ကြီးကို အကျယ်တ၀င့် ဟောပြတော်မူခဲ့သည်၊

 မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် ၀ါတွင်းသုံးလ ပတ်လုံးနေ့မနား ညမနား  ပဋ္ဌာန်းတရား တော် ကို ဟောကြားတော်မူရာတွင် နတ်တို့အတွက် မိနစ်ပိုင်းမျှ ဖြစ်သော်လည်း လူသားဖြစ်သော ဘုရားရှင် အတွက်မူ အစာအာဟာရ မဘုန်းပေးပဲ မဖြစ်နိုင်ရကား ပုံတူနိမ္မိတ ဘုရားရှင်ကို ဖန်ဆင်းပြီး တရားကို ဒီနေရာမှ ဒီနေရာအထိ ဟောခဲ့စေသတည်း ဟု အဓိဋ္ဌာန်ကာ ကိုယ်တော်တိုင်က မြောက်ကျွန်း အနောတတ္တရေအိုင်သို့ ကြွကာ ဆွမ်းဘုန်းပေး တော်မူပြီး တဖန်ပြန် လည် ဟော ကြားတော်မူခဲ့သည်၊ နတ်ဗြဟ္မာတို့၏ စိတ်တွင်ကား ဘုရားရှင်တ ပါးတည်း ဟောကြား နေသည် ဟု မှတ်ထင်နေ ကြ၏၊   ပြန်ေ ရာက်ပါမှ တရားတော်ကို ရောက်သည့်နေရာမှ ဆက်လက် ဟောကြားတော်မူသည်၊

အရှင်သာရိပုတ္တရာ သည်လည်း လူ့ပြည်မှတက်ကာ ဘုရားရှင် ဆွမ်းဘုန်းပေးနေစဉ်အတွင်း ၀တ်ကြီး ၀တ်ငယ် ကို ပြုစု ပေးတော်မူ၏၊ ထိုအချိန်လေးအတွင်းမှာပင် သာရိပုတ္တရာ ငါဘုရားကတော့ ဒီနေ့မှာ အဘိဓမ္မာတရားကို ဒီနေရာကနေ ဒီနေရာ အထိ ဘယ်လို ဘယ်လို ဟောထားခဲ့တယ် ဆိုပြီး အကျဉ်းဆုံးနည်းကို လမ်းပြညွှန်တော်မူ၏၊ ထိုအကျဉ်းဆုံးကိုပင် အရှင် သာရိပုတ္တရာကလည်း သူဥာဏ်ရှိသလို ချဲ့ထွင်ကာ ရှေးအခါက လင်းနို့သား ငါးရာအဖြစ်ဖြင့် အဘိဓမ္မာတရားကို နာဖူးခဲ့သော ပါရမီအထုံရှိခဲ့သည့် တပည့်သားရဟန်းနောက်လိုက် ငါးရာကို တဆင့်ပြန်လည်ဟောကြားခဲ့သည်။ ( ထိုရ ဟန်းများသည် ၀ါမဆိုခင်အချိန်က ဘုရားရှင် တန်ခိုးပြသည်ကိုကြည်ညိုကာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ကြသော လူ ဒကာများဖြစ်ကြ၏ )

ယနေ့စာရေးသူတို့ သင်ယူလေ့လာနေကြရသော အဘိဓမ္မာ ပဋ္ဌာန်းတရားတော်များသည် အရှင်သာရိပုတ္တရာ   ဟောကြား   တော်မူခဲ့သော မကျဉ်းမကျယ်နည်းမျှသာတည်း၊ အကယ်၍သာ ဘုရားရှင်ဟောခဲ့သလို အကျယ်တ၀င့် သင်ယူရပါမူ မည်သို့မျှ ဆုံးခန်းတိုင်မည် မဟုတ်ဟု မှတ်ထင်ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ဥာဏ်ရှိလျင် ရှိသလောက်၊ ချဲ့ထွင်နိုင် လျင် ချဲ့ထွင်နိုင်သလောက် နည်းပေါင်းများစွာ နယ်ပယ် ပေါင်းများစွာ ကျယ်ဝန်းသောကြောင့် ဖြစ်ပါသည်။ ဤသည်ကား သီတင်းကျွတ် လပြည့်မရောက်ခင် တနည်းအားဖြင့် ၀ါမကျွတ်ခင် နတ်ပြည်သို့တက်လှမ်းကာ တရားဟောပုံ ဖြစ်ပါသည်။
  သီတင်းကျွတ်လပြည့်နေ့မြင်ကွင်းများကို ပုံဖော်ထားဟန်

သီတင်းကျွတ်လပြည့်နေ့၏  မြင်ကွင်းများ

ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာတရားတော်ကို ဟောပြီးသည့်အခါ အရှင်မောဂ္ဂလာန်က နတ်ပြည်တက်လာကာ မြတ်စွာဘုရား လူ့ပြည်မှာ ဘယ်နေရာမှာ ဆင်းသက်ပါမလဲဘုရားဟု လျောက်ထားသောကြောင့် .. ငါ၏ သားကြီးလက်ယာတော်ရံ သာရိပုတ္တရာနှင့် တပည့်ငါးရာရှိနေရာ သင်္ကဿမြို့ကို ဆင်းတော်မူမယ်၊ သို့သော်လည်း ယခုလက်ရှိ သာဝတ္ထိက ပရိသတ်တွေ အားလုံးကို တန်ခိုးတော်နဲ့ မနက်ခင်းမှာ ကျောင်းကို ဥပုသ်စောင့်သွားကြသလို သင်္ကဿမြို့ကို ခေါ်စေမယ် ဟု မိန့်တော်မူသည်။ ထိုသို့ဆင်းသက်စဉ် သိကြားမင်းသည် စောင်းတန်းသုံးမျိုးဖန်ဆင်းကာ အလယ်ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူသည်။

ဗြဟ္မာပရိသတ်များက ဘုရားရှင်၏ လက်ဝဲဘက် ငွေစောင်းတန်းမှ၎င်း၊  နတ်ပရိသတ်များက လက်ယာဘက် ရွှေစောင်း တန်းမှ၎င်း၊ ပဉ္စသီခ နတ်သားက ဘုရားရှင်၏ လက်ယာဘက်မှ ဗေလုဝနတ်စောင်းကို တီးခတ်ကာ ဂုဏ်တော်တို့ကို ရွတ်ဆိုသီကြူးလျက်၎င်း၊ မာတလိနတ်သားက လက်ဝဲဘက်မှ  နတ်ပန်းနံ့သာ များ ကြဲချလျက်၎င်း၊

ဗြဟ္မာ့ပြည်မှ တန်ခိုးအကြီးဆုံး မဟာဗြဟ္မာကြီးသည် ဘုရားရှင်အား ထီးမိုးလျက်၎င်း၊သုယာမနတ်မင်းကြီးသည် ဘုရား ရှင်အား သားမြီးယပ်ခပ်ပေးလျက်၎င်း ကြည်နူးမဆုံးနိုင်သော အသရေတော်ဖြင့် ရတနာစောင်းတန်းအသီးသီးမှ ဆင်း သက်တော်မူခဲ့သည်၊ အထူးခြားဆုံးကား လူတွေ နတ်တွေ ဗြဟ္မာတွေ အားလုံး တယောက်မျက်နှာ တစ်ယောက် မြင်နိုင်ကြခြင်း ဖြစ်ရကား အတွေြး ဖင့်   မြင်ေ ယာင်ကြည့်သည်ကပင် တော်တော် ပီတိဖြစ်စရာ ကောင်းပါလိမ့်မည်။ ထို့ကြောင့်လည်း မြင်သမျှ ပရိသတ်များက  ဆီမီးမျိုးစုံ ထွန်းညှိကာ  ပူဇော်ကြိုဆိုနေကြရကား အားကျကြည်ညို သော ကြောင့် ဘုရားဆု တောင်းကြခြင်းများလည်း   ဖြစ်နိုင်ပါသည်။

ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ အဆင်းတွင် ပရိသတ်အားလုံးတို့အား တရားဟောတော်မူရာ လင်းနို့သားငါး ရာဖြစ်ဖူး   သောရဟန်းငါးရာ ရဟန္တာဖြစ်တော်မူကြသည်၊ နောက်တဖန် ဘုရားရှင်၏  သင်္ကဿမြို့၌ လက်ယာဘက် ခြေချမိရာ ဋ္ဌာန တွင် ဘုရားအားလုံးတို့ မစွန့်လွှတ်ရာ နေရာတစ်ခုဖြစ်သော အ၀ိဇဟိတဋ္ဌာနအဖြစ် အစလစေတီ ဟု ယနေ့တိုင်   ခေါ်ဝေါ်ေ နကြ ဆဲဖြစ် သည်။

ယနေ့ခေတ် သင်္ကဿနဂိုရ်မြို့

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း သာသနာသက္ကရာဇ် ( ၂၁၈ ) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဘုရား ရှင် နတ်ပြည်မှ ဆင်းသက်ခဲ့ရာ နေရာ၌ စေတီကြီးတစ်ဆူ၊ ကျောင်းတိုက်ကြီးတစ်ခုနှင့် ဆင်ရုပ်ပါ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားခဲ့သည်၊ သို့ရာတွင် ခရစ်နှစ် ( ၁၁၈၃ ) တွင် ဇယချန္ဒရ Jayachandra မည်သော ဟိန္ဒူဘာသာကိုး ကွယ်သော မင်းသည် သာသနာပ ပုဏ္ဏားတို့၏ စကားကို နားထောင် ကာ အစလစေတီနေရာရှိ အသောကမ င်းကြီး ကောင်းမှု   စေတီနှင့်   ကျောင်း တိုက်ကြီးတို့ကို အစဖျောက် ဖျက်ဆီးပစ်ခဲ့လေ သည်။ တိုင်းပြည်အုပ်ချုပ်သော ရှင်ဘုရင် မကောင်းလျင် သာသနာသည် လည်း ရေရှည် မတည်တံ့နိုင် ဟူသော သာဓကတစ်ရပ်ပင် မဟုတ်ပါလော ..
  အသောက မင်းကြီး၏ ကောင်းမှုတော်သင်္ကေတကို ယနေ့ခေတ် သင်္ကဿမြို့တွင် မြင်နိုင်ဦးမည်လား မသေချာတော့ပါ၊
သင်္ကဿမြို့ ဘုရားရှင်၏ လက်ယာ ခြေတော်ရာချနင်းရာ နေရာတွင် အစလစေတီ နေရာကို အသောက မင်းကြီး ကောင်း မှုဖြင့် ဖူးတွ့ နိုင်သေးပါသည် ...

1842 ခုနှစ်တွင် ဘရစ်တစ် ပညာရှင် အလက်ဇန္ဒား ချန်နင်ဂန် Alexander Cunningham မှ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမှနောက် နှစ်ပေါင်း ( ၈၇ ) နှစ်အကြာတွင် အနာဂါရိက ဓမ္မပါလ Sir Anagarika Dharmmapala က သီရိလင်္ကာနိုင်ငံမှ လာရောက် ရှာဖွေဖော် ထုတ်ခဲ့ပြန်သည်။

သင်္ကဿမြို့၏ မြောက်ဖက်တွင် ဂင်္ဂါမြစ်ရှိ၍ တောင်ဘက်တွင် ယမုံနာမြစ်ရှိရကား မြစ်နှစ်ခု ကြားက ထူးခြားသော မြို့ဟု ပင်ဆိုရ ပါမည်၊ မထုရာမြို့မှ ၄ ယူဇနာ ( မိုင်ပေါင်း ၂၄ မိုင် ) မျှသာ ဝေးကွာ၏၊( ဣတော မထုရာယ စတူသု ယောဇနေသု သင်္ကဿံနာမ နဂရံ အတ္ထိ )မှတ်ချက်-- ခေတ်သစ် အနောက်တိုင်း ပညာရှင်တို့၏ တိုင်းထွာချက်အရ တယူဇနာတွင် ( ၈ ) မိုင်မျှသာ ရှိသည်ဟု သတ်မှတ်ကြသည်၊ သို့သော် အချို့သော စာပေများတွင် ၁၀ မိုင်၊ ၁၂ မိုင်စသည်ဖြင့် မူကွဲများစွာ တွေ့ရတတ်သေး၏။ ဗုဒ္ဓခေတ်က ယူဇနာအကွာအဝေးကို သုံးကြပြီး ယနေ့ခေတ်မှာတော့ မြန်မာလူမျိုးများ ရှေးခေတ် ကသုံးခဲ့ကြသလို အတောင်၊ အထွာ အသုံးအနှုံး များလဲ မသုံးတော့ပါ၊ မိုင်၊ တိုင်၊ ကီလိုမီတာ စသည်ဖြင့်သာ သုံးကြတော့သည်၊ တိုးတက်သော ခေတ် ကာလ ၏ ပြယုဂ်တစ်ခုပင်တည်း။

ယနေ့အချိန်တွင် သင်္ကဿမြို့Sankasya သည်  အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေရှ် ( Uttar Pradesh )ပြည်နယ်၊အရှေ့ပိုင်း အိန္ဒိယရထားလမ်းပေါ်ရှိ ကိုဟာဘတ်နှင့်  ဖရုခါဗဒ် ( Farukhabad ) မြို့အကြား ပခန( Pakhna ) ဘူတာမှ ၅ မိုင်ဝေးကွာ သော ဗဆန္တပုရ် ( Basantpur ) ရွာအနီး၌ တည်ရှိနေဆဲ ဖြစ်ပါသည်။

ဤသို့သော အဖြစ်အပျက်များကို လေ့လာခြင်းဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များက ပ၀ါရဏာ ပြုရန် စုဝေးကြ ရခြင်း၊ ဗုဒ္ဓဘာသာဝင်အားလုံးတို့သည်လည်း  ဘုရားရှင်အား ဆီးမီးမျိုးစုံဖြင့် ပူဇော်ခြင်း၊ အဘိဓမ္မာပဋ္ဌာန်း တရားတော်ဖြင့် ရွတ်ဖတ် ပူဇော်ကြခြင်းဖြင့် ကောင်းမြတ်သော အထွဋ်အမြတ်ဖြစ်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အထူးတလည် ကြည်ညို စရာ နေ့ထူးနေ့မြတ်တနေ့သာ ဖြစ်ပါတော့သည်။

Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger