<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ဆရာတော်များ၏ ဆုံးမသြ၀ါဒများ

ဆရာတော်များ၏ ဆုံးမသြ၀ါဒများ

၁။ အသာစံခြင်းရဲ့နောက်ဆုံးပန်းတိုင်သည် အပါယ် ၄ ပါး။
အနာခံခြင်းရဲ့နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။
အနာခံခြင်းသည် သမုဒယသစ္စာ (တဏှာ)ကို အကျင့်ဖြင့် ပယ်သတ်နေခြင်း ဖြစ်သည်။

၂) သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိမယ်။
မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။

၃) ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင်
ဖန်တီးနေသူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။

၎) တရားစစ်၊ တရားမှန်ဆိုတာ ရှုပွားဆဲအခါမှာလည်း ကိလေသာတွေ ငြိမ်းနေလို့ စိတ်ရောကိုယ်ရော ချမ်းသာတယ်။
တရားရသွားတဲ့အခါမှာလည်း ပယ်သတ်သင့်တဲ့ ကိလေသာတွေကို ပယ်သတ်ပစ်လိုက်တဲ့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာတယ်။

၅) လောကစာမေးပွဲသည် မေးသူတစ်ယောက်၊ ဖြေသူတစ်ယောက်၊ အမှတ်ပေးသူတစ်ယောက် ဖြစ်၏။
လောကုတ္တာရာစာမေးပွဲကား မေးသူလည်း မိမိ၊ ဖြေသူလည်း မိမိ၊ အမှတ်ပေးသူလည်း မိမိပင်ဖြစ်၍ တစ်ယောက်တည်းသာ ဖြစ်၏။
(မေး၊ ဖြေ၊ အမှတ်ပေးကြည့်ကြပါလေ။)

၆) မြင့်မြတ်သောစိတ် ဟူသည်မှာ ကုသိုလ်ပြုလုပ်ရာ၌ ပစ္စက္ခသံသရာ ငါ ကောင်းစားရေးကို ဦးစားမပေးဘဲ သူတစ်ပါးကောင်းစားရေးကိုသာ
အဓိကထားခြင်း ဖြစ်သည်။
ပါရမီထိုက်သောကုသိုလ် ဖြစ်မှ လောဘကိုလည်း ကုန်စေသည်။ နိဗ္ဗာန်နှင့်လည်း မြန်မြန်နီးစေသည်။

၇) တဏှာရာဂသည် မိမိချစ်ခင်သူ၏ ကောင်းကွက်ကိုသာ မြင်တတ်သကဲ့သို့ မေတ္တာသည်လည်း သတ္တ၀ါတို့၏ ကောင်းကွက်ကိုသာ
မြင်တတ်၏။
ထိုသို့ ကောင်းကွက်ကို မြင်ပုံချင်းတူသောကြောင့် တဏှာရာဂသည် မေတ္တာယောင်ဆောင်၍ လူသားတို့၏ လှည့်ပတ်တတ်၏။
ထို့အတူ ဘ၀င်ကျခြင်းသည်လည်း ပရိယတ်၊ ပဋိပတ် အပါးမ၀သော ယောဂီနှင့် ဆရာတို့အား ဖိုလ်ဝင်စားနေသယောင် လှည့်ပတ်တတ်သည်ကို
အထူးသတိထားသင့်ပေသည်။

၈) ထိရှသောအနာမရှိသည့်လက်ဖြင့် အဆိပ်ကို ကိုင်တွယ်သော်လည်း အဆိပ်မတက်နိုင်။
ထို့အတူ သူတစ်ပါးကိုသေစေလိုသော အကုသိုလ်စေတနာကို မဂ်ဖြင့် ပယ်သတ်ပြီးဖြစ်သော သောတာပန်ပုဂ္ဂိုလ်အား လေးမြားစသည်ကို ၀တ္တရားကျေရုံ ပြင်ဆင်ပေးကာမျှဖြင့် အကုသိုလ်ကံ မဖြစ်ပါ။

၉) ရောဂါတစ်ခုခုဖြစ်နေသူသည် သူ့လူမျိုး ဖော်စပ်သောဆေး မဟုတ်သောကြောင့် အခြားလူမျိုးဖော်စပ်သောဆေးကောင်းကို တွေ့သော်လည်း မသောက်ဘူးဆိုလျှင် ရောဂါမပျောက်ရုံသာ ဖြစ်၏။
ထို့အတူ ၀ိပဿနာတရားကို မိမိတို့ ကိုးကွယ်သောဘုရားကပြသော တရားမဟုတ်၍ မကျင့်နိုင် ဟု ဆိုလျှင် ကိလေသာရောဂါ မပျောက်ရုံသာ ဖြစ်၏။

၁၀) ဘာဝနာမရှိသောသူ၏စိတ်သည် အမိုးမရှိသော အိမ်နှင့် တူ၏။ အမိုးမရှိသောအိမ်သည် နှင်း၊ မိုးရေ၊ နေပူတို့
ထင်သလို ရောက်မှုကြောင့် ခဏနှင့် ပျက်စီးရသလို ဘာဝနာမပွားသောသူ၏ စိတ်သည်လည်း လောဘ၊ ဒေါသ၊
မောဟ စသော ကိလေသာတို့၏ နှိပ်စက်မှုကြောင့် ညစ်နွမ်းပျက်စီးရသည်။

၁၁) သရဏဂုံဟာ ဘက်ထရီအားနဲ့ တူတယ်။ အန္တရာယ်ကင်း ဘေးရှင်းတာက မီးချောင်းလင်းတာနဲ့ တူတယ်။ ဘက်ထရီအိုးနဲ့မီးချောင်းထွန်းတဲ့သူတွေဟာ ဘက်ထရီအားကို ကုန်မသွားအောင် ဖြည့်ပေးနေရတယ်။

၁၂) မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော်ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏
ကျရှုံးခြင်းပင် ဖြစ်သည်။

၁၃) တစ်သံသရာလုံးက မိမိကိုနိုင်လာသော လောဘဓါတ်ကို မိမိကပြန်၍ အနိုင်ယူရသည်ကား အရသာရှိပေစွ။
ယူရသော အရသာနှင့် ပေးရသော အရသာတို့တွင် ပေးရသော အရသာအား နှစ်သက်သောအဆင့်ကို ရောက်ပြီဆိုမှသာလျှင် တကယ့်သူတော်ကောင်းအဆင့်ကို
ရောက်ပြီဟု ဆိုသင့်၏။

၁၄) ပုထုဇဉ်တို့သည် ရှေ့မျက်တောင်မွှေးတစ်ထောက်ကိုသာမြင်ပြီး ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။
အရိယာရဟန္တာများကား ယခုဘ၀သာမက သံသရာအဆက်ဆက်ကိုပါ ကြည့်ပြီး ဆုံးဖြတ်ချက် ချကြခြင်း ဖြစ်သည်။

၁၅) နူးညံ့တဲ့မှိုပွင့်ဟာ ခက်မာတဲ့မြေပြင်ကို ဖောက်ထွက်လာနိုင်စွမ်း ရှိတယ်။
နူးညံ့သိမ်မွေ့တဲ့ရေပြင်ဟာ ခက်မာတဲ့ကျောက်တောင် ကျောက်ခဲတွေကို သဲမှုန်ဖြစ်အောင် တိုက်စားနိုင်စွမ်း ရှိတယ်။
သူတော်ကောင်းတို့ရဲ့ နူးညံ့တဲ့နှလုံးသားဟာ သူယုတ်မာတို့ရဲ့ ခက်မာတဲ့နှလုံးသားကို နူးညံ့အောင် စွမ်းနိုင်မှု ရှိတယ်။

၁၆) ဘ၀ဤကိုယ်၊ မင်းဟုဆိုလည်း၊ နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံငြားလော၊ နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊ လလျှင် ပြည့်ကွယ်၊ ကြီး၍ ငယ်၏၊ ထိုနှယ်မလွဲ၊ အမြဲချမ်းသာ၊ မရှိစွာရှင့်။
အာဏာတန်ခိုး၊ အမျိုးစည်းစိမ်၊ ဘုန်းဂုဏ်သိန်လည်း၊ ထင်းတိမ်ပေါ်ငုပ်၊ ဖြစ်ချုပ်တတ်စွာ၊ ဓမ္မတာလည်း၊
ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊
ပိုင်းခြားလူမှာ၊ မမြဲစွာတည်း။ (မဃဒေ၀လင်္ကာ)

၁၇) ခွေးငယ်ကလေးများသည် အ၀တ်စ၊ စက္ကူစကို တွေ့သောအခါ အတူတကွ ဆွဲလွဲပြီး ပျော်ရွှင်စွာ ကစားတတ်ကြသော်လည်း အမဲရိုးကိုတွေ့သောအခါ
တစ်ကောင်နှင့် တစ်ကောင် မာန်ဖီပြီး အသေကိုက်ကြတော့သည်။
ထို့အတူ လောဘ၏ ကျေးကျွန်ဖြစ်ကြရသော ‘ရဟန်း၊ ရှင်၊ လ’ူ အချို့တို့သည် ဆွမ်း၊ သင်္ကန်းစသော ပစ္စည်းအသေးအဖွဲနှင့်
ပတ်သက်သောအခါတွင် ချစ်ခင်ရင်းနှီးစွာ မျှတ သုံးဆောင်တတ်ကြသော်လည်း ‘ကျောင်း၊ အိမ်၊
နေရာ’ တို့နှင့် ပတ်သက်လာလျှင်ကား ခိုက်ရန် ဖြစ်ပွားပြိး အသေအကြေ လုယက်တိုက်ခိုက်ကြတော့သည်။

၁၈)ငွေပေါများတိုင်း မလှူပါ။ သဒ္ဓါဓာတ်ပေါများမှသာ လှူဒါန်းနိုင်သည်။
သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတမ်းပိုနေတတ်ပေမယ့် လောဘဓာတ်ကြီးမားသူအတွက် ယူချင်စရာပစ္စည်းတွေ
အမြဲတမ်းလိုနေတတ်ပေသည်။

၁၉) မိမိကိုယ်မိမိ ကြည်ညိုသူများအတွက် သေခြင်းတရားသည် ချစ်စရာကောင်းသော မိတ်ဆွေသာ ဖြစ်၏။
မိမိကိုယ်မိမိ မကြည်ညိုသူများအတွက်ကား သေခြင်းတရားသည် ကြောက်စရာကောင်းသော ရန်သူသာ ဖြစ်၏။

၂၀) အထုတ်ကလေး တပြင်ပြင် အထုတ်ရှင် သေလို့သွား ကျန်တဲ့သူတွေ ဝေလို့စား။
အထုတ်ရှင်မှာ အလကား ဘာမှလည်း မပါသွား
သေရွာကြတော့ အပါယ်လား နိဗ္ဗာန်ရောက်ဖို့ အခက်သား။

၂၁) ပညာမပါသော ဒါနရှင်အများစုသည် နောင်ဘ၀များတွင် ချမ်းသာသောဘ၀များကိုကား ရကြပါ၏။ သို့သော် ဉာဏ်မပါသော
ဒွိဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြရ၏။
ထိုပုဂ္ဂိုလ်များသည် ယခုဘ၀တွင် မဂ်ဖိုလ်ရခွင့် မရှိတော့ပေ။

၂၂) ပညာမဲ့လူမိုက်များသည် ရလာသော လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အထိ ဟူသော ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားကြ၏။
ပညာရှိလူလိမ္မာများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့ရန်အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏။

၂၃) လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊
မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် (၆) မျိုးလုံးကို ရယူရန်အတွက် ဖြစ်၏။
စီးပွားဥစ္စာရှာဖွေခြင်းသည်ပင် ထိုကုသိုလ် (၆) မျိုး ပြုလုပ်ရန်အတွက် ဖြစ်၏။

၂၄) မိမိတရားရခြင်း မရခြင်းကို လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာများ လျော့ပါးကုန်ပျောက်သွားခြင်း
ရှိ မရှိဟူသော အချက်ဖြင့်သာ တိုင်းတာကြည့်ရ၏။

၂၅) သာသနာပြုပုဂ္ဂိုလ်ဆိုတာ လူတွေရဲ့ရင်ထဲကို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးတည်အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။

၂၆) တိရစ္ဆာန်လိုများများနေရင် မှတ်ထား၊ သေရင် တိရစ္ဆာန် ဖြစ်တာပဲ။
တိရစ္ဆာန်ဟာ အိပ်တယ်၊ စားတယ်၊ ကာမဂုဏ် ခံစားတယ် ဒီသုံးမျိုးပဲ လုပ်တယ်။ ကုသိုလ်ဆိုတာ ဘာမှမလုပ်ဘူး။
လူဖြစ်ပြီးတော့ အိပ်လိုက်၊ စားလိုက်၊ ကာမဂုဏ်ခံစားလိုက် ဒီလိုပဲ နေမယ် ကုသိုလ်ဘာမှမလုပ်ဘူးဆိုရင် တိရစ္ဆာန်ပဲ။

၂၇) လူ့ဘ၀ဟာ တိုတိုလေးပါ။ အကုသိုလ်နဲ့ အချိန်မကုန်ပါစေနဲ့။ ကုသိုလ်ကိုပဲ လုပ်ပါ။
အရင်တုန်းက မိုက်မှားသမျှရှိရင် အခုချိန်ကစပြီး အားလုံးကို ရပ်ပစ်လိုက်တော့။

၂၈) ဘုရားတည်ခြင်းဆိုရာတွင် မြေပြင်၌ တည်ခြင်းနှင့် နှလုံးသား၌တည်ခြင်း ဟူ၍ နှစ်မျိုးရှိ၏။
မြေပြင်၌တည်သော ဘုရားများသည် သဘာဝရာသီဥတုဒဏ်ကြောင့် နှစ်အနည်းငယ်ကြာလျှင် ပျက်စိးပျောက်ကွယ်သွားရသည်သာ
ဖြစ်၏။
ပရိယတ္တိစာပေများ သင်ကြားပို့ချခြင်း၊ တရားပွဲများ၊ တရားစခန်းများ ကျင်းပ၍ ဟောကြားပြသပေးခြင်းသည် လူတို့၏နှလုံးသား၌
ဘုရားတည်ပေးခြင်းပင် ဖြစ်၏။

၂၉) ငါ ကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်မပါဘဲ သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊
သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်းစားဖို့တည်းဟူသော လောဘကိလေသာများကို အထိုက်အလျောက် လျော့ပါးကုန်ခန်းစေသည်သာ ဖြစ်၏။

သူတစ်ပါးအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မပြောနဲ့၊ မလုပ်နှင့်၊ မကြံနှင့်
ကြမ်းတမ်းသော စကားကို မဆိုနှင့်၊
မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော
ယခုလက်ရှိအချိန်ထက် ကောင်းသော အချိန်မရှိ
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် သုံးပါ။
(မင်းကွန်းဆရာတော်)
ဗြဟ္မစိုရ် (၄) ပါး
တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်၊
ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်၊
နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်၊
ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည်၊
မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
စိတ်ကိုလည်း ပြင်၊ ရုပ်ကိုလည်း ပြင်၊
ပြင်ဆိုင်တိုင်းရ ပြုတိုင်းလှ၊ သုခနိဗ္ဗာန် တိုင်လိမ့်မယ်။
(ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဒ)
ခံစားချင်သလား၊ စံစားချင်သလား
စွန့်လွှတ်ခြင်းရဲ့သုခကို မရသေးသမျှ ပိုင်ဆိုင်ခြင်းရဲ့ဒုက္ခကို ခံရမယ်။
သူတော်ကောင်းများ ခံယူချက်
မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။
ငါ့ကို ပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်။
သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။
ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေ မဟုတ်။
သုခ၏မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ် ငါရမည်။
(ရွှေဟင်္သာတော်ရဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလ)

ဓမ္မပဒမှ

နေတတ်ဖို့လို
ပညာရှိနားနေပြီး ပညာမရရင်၊ သူတော်ကောင်းနားနေပြီး စိတ်ကောင်းမရှိရင် ကြာပင်အောက်က ဖားဟာ ကြာပန်း၊ ကြာပွင့်၊ ကြာဝတ်မှုန်အရသာကို မခံစားရဘဲ ရွှံ့ညွန်ထဲမှာပဲ ကပ်နေရတာနဲ့ အတူတူပဲ။
တစ်နည်းပြောရရင် ဒီလူမျိုးဟာ ယောက်မလို လူပါပဲ။ ယောက်မဟာ တစ်နေ့ကုန် ဟင်းအိုးထဲ စိုက်ထားသော်လည်း ဟင်းရဲ့အရသာကို ဘယ်မှာ သိနိုင်လို့လဲ။
သူတော်ကောင်း လက္ခဏာ
၁) သူတော်ကောင်းသည် သူတစ်ပါး အပြစ်ကို မမေးလျှင် မပြော။ အမေးခံရသောအခါ လျှော့ပေါ့ပြီး ပြော၏။
၂) သူတော်ကောင်းသည် သူတစ်ပါး၏ ဂုဏ်ကို မမေးလည်း ပြော၏။ အမေးခံရသောအခါ ပြည့်စုံအောင် ပြော၏။
၃) သူတော်ကောင်းသည် သူ၏အပြစ်ကို အမေးခံရသော်လည်း ပြော၏။ အမေးခံရလျှင် ပြည့်စုံအောင် ပြော၏။
၎) သူတော်ကောင်းသည် သူ၏ဂုဏ်ကို အမေးမခံရသော် မပြော။ မေးလျှင် လိုရင်းကိုသာ ပြော၏။
(အင်္ဂုတ္တိုရ် ပါဠိတော်)
ပညာရှိ
စကားများစွာပြောခြင်းကြောင့် ပညာရှိ သူတော်ကောင်း မဖြစ်နိုင်။
အနည်းငယ်သော စကားကို ကြားပြီး ကျင့်ကြံနေထိုင်သွားသောသူသည် ပညာရှိ ဖြစ်နိုင်၏။
(ဓမ္မပဒ၊ ဓမ္မဋ္ဌ၀ဂ်)
ဘာကို ရွေးမလဲ
အကယ်၍ သေးငယ်သော ချမ်းသာသုခကို စွန့်ပယ်လိုက်ခြင်းအားဖြင့် ကြီးကျယ်သော ချမ်းသာသုခကို ရမည်ဆိုလျှင် ပညာရှိသည် ကြီးကျယ်သော ချမ်းသာသုခကို ထောက်ဆပြီး သေးငယ်သော ချမ်းသာသုခကို စွန့်ပယ်လိုက်သည်။
(ဓမ္မပဒ၊ ပကိဏ္ဏက၀ဂ်)
ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် ကျရောက်တတ်သော ရောဂါများမှာ -
၁) ရောဂါဆန်းတွေ ဖြစ်တတ်သည်။
၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်သည်။
၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်သည်။
၎) ပွေး၊ ၀ဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်သည်။
၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်သည်။
၆) မင်းဘေးမင်းဒဏ် သင့်တတ်သည်။
၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်သည်။
၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်သည်။
၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်သည်။
၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအ၀ယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်သည်။
(ပိုင်းလော့ ဆရာတော်)
ခင်ပွန်းကြီး (၁၀)ပါး  (ဦးသက်စိန်- မြတ်ဗုဒ္ဓသာသနာ့အခြေခံ စာအုပ်မှ ကူးယူပါသည်။)
၁) ဗုဒ္ဓ            – သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂) ပစ္စေကဗုဒ္ဓါ   -  ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃) ရဟန္တာ       – အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာများ
၎) အဂ္ဂသာဝက          – မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၅) မာတာ       – မွေးသမိခင်
၆) ပိတ          – မွေးသဖခင်
၇) ၀ုဒ္ဓါ           – မိမိထက် အသက်၊ သိက္ခာ၊ သီလ စသည်တို့၌ ကြီး၍ မြင့်မြတ်သူ
၈) အာစရိယ    – ဆရာမြတ်
၉) ဟိတကရ    – မိမိအပေါ် ကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကူညီဖူးသူ
၁၀) ဓမ္မကထိက          – မြတ်သောတရား ဟောကြားပြသသည့် ပုဂ္ဂိုလ်။
နီးလျှက်ဝေး
ခြင်္သေ့သည် ကျားကို နိုင်၏။ ကိုယ်တွင်းက ခွေးလေးသန်းကို မနိုင်။
မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်း အကုသိုလ်ကို မနိုင်။
မသူတော်သည် သုခကြိုက်လျက် နတ်ပြည် မတက်။ ဒုက္ခမှန်းသိလျက် ငရဲ ဆင်းရ၏။
မသူတော်သည် မိမိမေတ္တာရှိသော သူတော်ကောင်းကို ပစ်မှားနိုင်၏။
သူတော်ကောင်းသည် မိမိမေတ္တာပျက်သော မသူတော်ကို ချစ်နိုင်၏။
မသူတော်ကား လာဘ်ရဖို့ ကြံ၏။
သူတော်ကောင်းကား တရားရဖို့ ကြံသည်။
သူတော်နှင့် မသူတော်သည် ရှေးကံအကြောင်းလည်း ဝေးသည်။ နောက် လားရာဂတိလည်း ဝေးသည်။
မသူတော်သည် အစားကောင်း စားလျက်၊ အိပ်ရာကောင်း အိပ်လျက် တရားမှ လက်လွတ်သည်။
ဘောဇဉ်အရာသာကို သူနာ မစား၊ နိဗ္ဗာန်အရသာကို မသူတော် မစား။
ဘုရားရှင်သည် မြင်းမိုရ်တောင်ကို ဖ၀ါးအောက် ရောက်စေနိုင်၏။ ပုရာဏကဿပကို အနားရောက်အောင် မတတ်နိုင်။
ခြင်္သေ့မင်း ဟောက်သံကြားလျှင် ဘေးကင်းရာသို့ လူများပြေးကြ၏။ ခွေးလှေးကြမ်းပိုးကား အိပ်ရာမှာပင် မနိုး။
ဘုရားရှင်၏ တရားသံကိုကြားလျှင် နိဗ္ဗာန်သို့ အများ ပြေးဝင်၏။ မသူတော်ကား အိပ်ရာမှ မနိုး။
ကျင်ကြီးသည် နွေးသည် ဖြစ်စေ၊ အေးသည် ဖြစ်စေ၊ အဆင်းလှသည် ဖြစ်စေ၊ မလှသည် ဖြစ်စေ ရွံ့ဖွယ်သာတည်း။
မသူတော်သည် အမျက်ထွက်သည် ဖြစ်စေ၊ မထွက်သည် ဖြစ်စေ၊ စကားလှသည် ဖြစ်စေ၊ မလှသည် ဖြစ်စေ ရွံ့ဖွယ်သာတည်း။
မီးခဲသည် ပူသောအခါ လက်ကို လောင်၏။ အေးသောအခါ လက်ကို မည်းစေ၏။
မသူတော်သည် ဒေါသ အခါ ကြောက်စရာ၊ လောဘအခါ ရွံ့စရာ ဖြစ်၏။
အရှင်မောဂ္ဂလာန်သည် မြေကို အထက်အောက် လှန်နိုင်၏။ မသူတော်၏ အကြံကို မလှန်နိုင်။
ခွေးရူးကိုက်လှင် ထိုသူ ရူး၏။ ထိုသူ ကိုက်လျှင် နောက်လူ ရူး၏။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏။
မသူတော်သည် သူကောင်း အဆက်ဆက်ကို ယုတ်မာစေ၏။
(မဟာဂန္ဓာရုံ ဆရာတော် ဦးဣန္ဒောဘာသ)


     လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger