<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » မုဒြာအကြောင်း သိကောင်းစရာ

မုဒြာအကြောင်း သိကောင်းစရာ



အသောက မင်းတရားကြီး ကောင်းမှု့တော် ဖြစ်သော အလိုတော်ပေါက် ဘုရားအတွင်းက ကြည်ညိုစရာ ရုပ်ပွားတော်တစ်ဆူ
မုဒြာ အကြောင်းတွေကို စိတ်ဝင်စားလို့ စုစည်းနေတာ ကြာခဲ့ပါပြီ၊ သို့သော်လည်း ကျေနပ်ရလောက်အောင် အချက်အလက် စုံစုံညီညီ တော့ မစုဆောင်းနိုင်သေးပါ၊ ကလေးဘ၀ အရွယ်ကတည်းက ဘုရားရှင်ပုံတော် အမျိုးမျိုးတွေမှာ လက်တော် ပုံစံ အမျိုးမျိုး ထုလုပ်ပူဇော်ထားတာကို တွေ့ရသော်လည်းဘာကြောင့် လဲ ဆိုတာ မစဉ်းစားနိုင်ခဲ့ဘူး၊
မြန်မာပြည်မှာ ကတည်းက ရုပ်ပုံတွေနှင့်တကွ စာပေတွေကိုရော စုဆောင်းထားပေမဲ့ အဲဒီ မှတ်စုက ကျန်ရစ်ခဲ့တဲ့ အတွက် ယခုတော့ လက်လှမ်းမှီရာ လောက်သာ စုစည်းတင်ပြလိုက်ပါတယ်၊
တကယ်တော့ မုဒြာ ဆိုတာ မဟာယာန အနွယ် တန္တရ ယာန ဂိုဏ်းက နေ ဆင်းသက် ကူးစက်လာတယ်လို့ ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး စာအုပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်၊ ဒါကြောင့် ကနဦး အနေနဲ့ မုဒြာ ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နဲ့ ရာနှုန်းပြည့် မသက်ဆိုင်ပေမဲ့ အနည်းငယ် ရောယှက်နေတာကိုတော့ ၀န်ခံရမှာပါ၊
အခု တင်ပြထားတာတွေကတော့ မြန်မာပြည်တုံးက ရှမ်းပြည်တောင်ပိုင်းဒေသ အင်းလေးဖောင်တော်ဦးဘုရား ကို အသွား နန်းပန် ရွာအနီးက အလိုတော်ပေါက် ဘုရားမှာ တွေ့လို့ ရှားရှားပါးပါး မှတ်တမ်းအနေနဲ့ ရိုက်ယူထားတဲ့ ပုံတော် အချို့ကို ဗဟုဿုတအနေနဲ့ မျှဝေလိုက်ပါတယ်၊ ၎င်းဘုရားဟာ အသောက မင်းကြီးရဲ့ နေရာအနှံ့ကုသိုလ်ပြုရာ စေတီပေါင်း ၈၄၀၀၀ စာရင်းမှာပါဝင်တယ် လို့ ကြည်ညိုဖွယ်ရာ မှတ်သားရပါတယ်။
( မုဒြာ ဆိုသည်မှာ လက်နေလက်ထားဟန် ခြေနေခြေထားဟန်တို့ကို သရုပ်ဖော်ထားခြင်း ဖြစ်၏ )
သန္တိဒ မုဒြာရုပ်ပွား ဆင်းတုတော်ကို ကိုးကွယ်လျင် ဘေးရန်ကင်းခြင်း ၊ ငြိမ်းချမ်းသာယာခြင်း၊ စီးစိမ် ကျက်သရေတိုးပွားခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း၊ တရားထူးကို ရရှိခြင်း သိဒ္ဒိပေါက်ခြင်း၊ ဆုတောင်းပြည့်ခြင်း အကျိုးထူးများကို ရရှိနိုင်သည် ဟု ဆိုသည်၊ ( သန္တိ - ငြိမ်းအေးခြင်း ကို ၊ ဒ - ပေးတော်မူဟန် ) 
 


အဘယ မုဒြာ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အစိမ်းသားရဲ သင်းကွဲ ပြိတ္တာ နတ်မိစ္ဆာတို့၏ နှောက်ယှက်မှု့မှ ကင်းဝေးသည်၊ ရဲရင့်တက်ကြွ သူရသတ္တိနှင့် ပြည့်စုံစေသည်၊
ရန်သူ စစ်သည် သူပုန် သူစိမ်း မုဒိမ်း ဓားပြတို့ ရန်မှ ကင်းဝေးသည်၊ စိတ်အားငယ်ခြင်း စိတ်ဓာတ်ကျဆင်းခြင်းမှ လွတ်ငြိမ်းပပျောက်စေသည်၊ စသော အကျိုးထူးများကို ရရှိခံစားနိုင်ကြောင်း ပြဆိုထားသည်၊ ( ဘယ - ဘေးရန်ဟူသမျှ။ အ- မရှိခြင်း၊ )

( ဒါန မုဒြာ - ပေးကမ်းစွန့်ကြဲ လှူဒါန်းနေတော်မူဟန် )
ဒါနမုဒြာ ရုပ်ပွားတော်ကို ကိုးကွယ် ဆည်းကပ်သူသည် ရွှေငွေ ဥစ္စာရတနာ ဆင်မြင်း စသော စီးစိမ်ရတနာများရရှိခြင်း၊ ကြွေးမြီတောင်းခံရာ၌ အလွယ်တကူ ရရှိခြင်း၊ သူတပါးအထံမှ လက်ဆောင်ပဏ္ဍာ အခွန်အတုပ်ဘဏ္ဍာများ ရနိုင်ခြင်း၊ တိုင်းပြည်နိုင်ငံအတွင်း ဆန်ရေ စပါး ပေါများပြည့်စုံခြင်း၊ စသော အကျိုးထူးများကို ခံစားရတတ်သည်၊ ဟု တန္တရယာန ကျမ်းဂန်းများက ဆိုကြပေသည်၊

ဒါကတော့ မြန်မာ တို့နဲ့ ရင်းနှီးနေပြီးသား ဖြစ်တဲ့ တရားဦး ဓမ္မစကြာ ဟောတော်မူဟန် မုဒြာ ဖြစ်ပါတယ်၊ အောက်ကပုံလေးလဲ ဓမ္မစက္က မုဒြာ ပါပဲ


(၀ရ - ကောင်းမြတ်သော ဆုလာဘ်ဟူသမျှကို ၊ ဒ - ပေးတော်မူဟန် )
ဝရဒမုဒြာ ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ပူဇော်သူများသည် ကောင်းချီးမင်္ဂလာ ဆုလာဘ်များကို ရရှိခြင်း၊ ဆုတောင်းပြည့်ဝခြင်း၊ အလိုဆန္ဒအတိုင်း တလုံးတ၀တည်း ပြည့်စုံစေခြင်း၊ သားဆုကို ပြုနိုင်ခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုရာအခါတိုင်း ထိရောက်ပြည့်ဝခြင်း၊ ဓာတ်သက်ဝင်ခြင်း ၊ ဓာတ်စီးခြင်း၊
ရာထူးဋ္ဌာနန္တရ တိုးခြင်း၊ စီးစိမ်တိုးပွားခြင်း ၊ ကုန်ရောင်းကုန်ဝယ် ပြုရာ၌ အမြတ်စွန်းရခြင်း၊ ကစားလောင်းကစားခြင်း၌ အောင်နိုင်ခြင်း၊ စစ်တိုက်ရာ၌ အောင်နိုင်ခြင်း၊ ပူဇော်သက္ကာရ ကို ရရှိခြင်း၊ လက်ဆောင်ပဏ္ဍာအများအပြား ရရှိခြင်း၊ ခြွေရံသင်းပင်း ပေါများပြည့်စုံခြင်း စသော လောကီအကျိုးကျေးဇူးအမြောက်အများ ရရှိနိုင်သည် ဟု တန္တရယာနကျမ်းများက ဆိုပါသည်၊
 
 
 
( နမ -နမော- ရှိခိုးရိုသေမှု့ကို၊ ကရ - ပြုတော်မူဟန် )

အထက်က ပုံကတော့ နမက္ကာရ မုဒြာ ရုပ်ပွားတော် သင်္ကေတ ပါ၊ဘုရားရှင်အတွက် မဟုတ်ဘဲ သတ္တ၀ါအားလုံးအတွက် ဖြစ်ဟန်တူပါတယ်၊
( တိဏ -မြက်ရှစ် ဆုတ်ကို၊ ဟတ္ထ- လက်တော်မှ ကြဲဖြန့်တော်မူဟန် )
တိဏ ဟတ္ထ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အကြံအစည် မှန်သမျှ အောင်မြင်နိုင်ခြင်း၊ ဆုထူး လာဘ်ထူး ရရှိခြင်၊ စီးစိမ် တိုးတက်များပြားနိုင်ခြင်၊ ကံကောင်းးခြင်း၊ ရာထူး ဋ္ဌာနန္တရ အသစ်အသစ်ကို ရရှိတတ်ခြင်း၊ တန်ခိုး သိဒ္ဓိထူးကို ပိုင်ဆိုင်နိုင်ခြင်း၊
နေရာ ထိုင်စရာ အိမ် ကျောင်း ဇရပ် စသော အဆောက်အဦးကောင်းတို့ကို ပိုင်ဆိုင်ရတတ်ခြင်း၊ လယ်ယာ ကိုင်းကျွန်း ဖြစ်ထွန်းအောင်မြင်ခြင်း၊ သီးနှံစပါး ပေါများကြွယ်ဝ ခြင်း စသော လောကီ အကျိုးထူးတို့ကို ခံစားရသည် ဟု မဟာယာန တန္တရ ကျမ်းများက ဖွင့်ဆိုပေသည်၊

ဝိတက္က မုဒြာ ရုပ်ပွားတော်ကို ထုလုပ် စီရင်ကိုးကွယ်သူသည် အကြံအစည် ထိုးထွင်းအောင်မြင်ခြင်း၊ စိတ်ကူးဥာဏ် ဆန်းသစ် တီထွင်နိုင်ခြင်း၊ အဘိဓမ္မာ သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ခြင်း၊ ဗဟုဿုတ ပေါများကြွယ်ဝခြင်း၊ ဥာဏ်ပညာ ထက်မြက်ခြင်း၊ သမာဓိဥာဏ် ရင့်သန်လွယ်ခြင်း၊ ထူးခြား ဆန်းပြားသော အယူဝါဒများကို သိမြင်လွယ် နားလည်လွယ်ခြင်း၊ တီထွင် ဆန်းသစ်သမျှ အောင်မြင်ပေါက်ရောက်ခြင်း၊ ဖြစ်ပေသည်၊

ထူးခြားချက်ကား ဤ ရုပ်ပွားတော် ရှိသော နေရာ အရပ်ဒေသ များတွင် ပညာရှိသူတော်စင်များ ပေါ်ပေါက် ထွန်းကားတတ်သည် ဟု ပဋိမာ သိက္ခာဝလိ ကျမ်းက ဆိုပေသည်၊



( ပတ္တ- သပိတ်တော် ကို၊ ဟတ္ထ- လက်တော်၌ပိုက်ထားတော်မူဟန် )
ပတ္တ ဟတ္ထ မုဒြာ ရုပ်ပွားတော်ကို ကိုးကွယ် ဆည်းကပ်သူသည် စားသောက်စရာ ပေါများကြွယ်ဝ ခြင်း၊ စီးစိမ်ဥစ္စာကုံလုံ ပြည့်ဝခြင်း၊ ဆုတောင်းပြည့်ခြင်း၊ အင်အား ကြီးမားခြင်၊ တန်ခိုးအာနုဘော် ကြီးမား ထက်မြက်ခြင်း၊ အလိုဆန္ဒ ပြည့်ဝနိုင်ခြင်၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း တို့မှ လွတ်ငြိမ်းချမ်းသာခြင်း၊ စသော အကျိုးထူးတို့ကို ရရှိနိုင်ပေသည်၊
ဆက်ပါအုံးမည် - 

 
ဘူဖဿ မုဒြာ မြေကို သက်သေညွှန်းဟန် ( ဘူမိဖဿ ဟူ၍လည်း ရှိပါသည်၊ ဘူမိ မြေကြီးကို ၊ ဖဿ - ထိတွေ့၍ သက်သေတည်တော်မူဟန်၊

မြန်မာတို့ ကြားဖူးသော ဇာတ်လမ်း၌ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ကာနီး မာနတ် လာရောက် နှောက်ယှက်လေသောအခါ
ဤ အပရာဇိတ ပလ္လင်ကား ငါဘုရားကိုယ်တိုင် လေးသင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ဆည်းပြီးမှ ရရှိခြင်း ဖြစ်ပေတယ်၊ သင်မာနတ်နှင့် လုံးဝ မဆိုင်၊ ငါဘုရား သည်သုမေဓာ ရသေ့ဘ၀မှ စ၍ ဝေဿန္တရာ မင်းဘ၀တိုင်အောင် ဒါန ပါရမီ ကို ဖြည့်ဆည်းခဲ့ပြီး ဤမြေကြီးပေါ်မှာ ရေစက်ချ သက်သေညွန်းခဲ့သည်၊
ယခု အချိန်ဝယ် သက်၇ှိသတ္တ၀ါတွေကို ငါဘုရား မတိုင်တည်လိုပေ၊ သက်မဲ့ ဖြစ်သော ဤ ကမ္ဘာမြေကြီးသည် မသိလေရော့သလား- ဟု မိန့်တော်မူပြီး လက်တော်ဖြင့် မဟာ ပထ၀ီ မြေကြီးကို ညွန်ပြတော်မူရာ မဟာပထ၀ီ မြေကြီးသည် အိုးထိန်းစက်သဖွယ် သွက်သွက်ခါအောင် တုန်လှုပ်သဖြင့် မာနတ်စစ်တပ်လဲ လန့်ဖြန့်ကာ ထွက်ပြေးသော ဟူ၏၊

ထို့ကြောင့်ပင် ယခု အခါဝယ် အလှူဒါန ပြုပြီး ရေစက်ချ အမျှဝေရာ၌ မြေပေါ်သို့ သွန်းလောင်းခြင်း တနည်းအားဖြင့် သက်သေထားခြင်း ဖြစ်ပေသည်။ မေးစရာကား ရေစက်မချရင်ကော ဒါန မမြောက်ဘူးလား ဟု မေးခဲ့သော် မြောက်ပါသည်၊ ရေစက်ချခြင်းကား သက်သေ တည်ခြင်း သက်သက်သာ ဖြစ်ပေသည်၊ အကယ်၍ အခဲအခဲ တစုံတရာ ကြုံတွေ့ရချိန်ဝယ် ဖြေရှင်းဖို့အတွက် သက်သေပြု သစ္စာ ဆိုက ပြေပျောက်နိုင်သောကြောင့် ပြုလုပ်သင့်ပါသည်၊



ဒါကတော့ အဉ္ဇလီကရ - လက်အုပ်ချီဟန် မုဒြာ




ဈာန မုဒြာ- ဈာန်သမာပတ် ၀င်စားနေတော်မူဟန်၊ ( ဓျာန မုဒြာ ၊ သမာဓိ မုဒြာ ဟူ၍လည်း ခေါ်ဆိုနေကြပေသည်၊
လက်နှဖက်ယှက်ကာ လက်မ ထိပ်နှစ်ခု ထိထားသော ရုပ်ပုံတော်၊


လလိတ မုဒြာ- တင့်တယ် စံပယ်ဟန်၊
ဘယ်ခြေကို တင်ပလ္လင်ချိတ်ပြီး ညာခြေကို အောက်သို့ တွဲလောင်းချထားသောကြောင့် အထူးအားဖြင့် ခုံအမြင့်မှာ
ထိုင်သောအခါ သီတင်းသုံးဟန် ဖြစ်ပါသည်၊ လလိတ ပုံတော်ကို ရှာဖွေသော်လည်း မတွေ့ရသေးပါ၊
အခြားသော မုဒြာ အမျိုးပေါင်း ၂၀၀ ကျော်ရှိသည် ဟု ပဋိမာသိက္ခာဝလိ ကျမ်းက ဆိုပေသည်၊ အင်းလေးဖောင်တော်ဦးဘုရား ကို အသွား အသောကမင်း ကောင်းမှု့တော်ဖြစ်သော အလိုတော်ပေါက် ဘုရား အတွင်းက ရှေးခတ် အနုပညာ လက်ရာလေးကို သဘောကျလို့ မှတ်တမ်းတင် ထားတာပါ၊
ဖောင်တော်ဦး ဘုရားကို ရောက်ဖူးသူ တိုင်း က စိမ်းမြ ကြည်လင်နေတဲ့ ရေပြင်ကျယ်ကြီးမှာ အေးမြ သန့်ရှင်း လတ်ဆတ်တဲ့ သဘာဝ လေအေးအေးလေးတွေ ရှူရှိုက်ရင်း သွားခဲ့ရသမျှ ခရီး ရဲ့ ပင်ပန်းမှု့တွေကို ဖြေဖျောက်ပေးတယ် ဆိုပြီး လွမ်းတတ်ကြပါတယ်၊ ဇင်ယော်ငှက်လေးတွေရဲ့ အစာ စားဖို့ လိုက်လံ နေတဲ့ မြင်ကွင်းလေးတွေကလဲ မေ့လို့ မရနိုင်ပါဘူး။ အံ့သြစရာက ဘုရားကို အသွားမှာ သူတို့အတွက် အစာ ၀ယ်လာတတ်ကြတယ် ဆိုတာ သိလို့ လိုက်လာကြပေမယ့် အပြန်ခရီးမှာတော့ လှည့်တောင် မကြည့်ကြတော့ပါ၊
ဆိုရိုးလေးတော့ ရှိသား သူသေ ကိုယ်စား ကိုယ်သေ သူစား ဆိုလား - ဆိုလိုတာက အင်းသူ အင်းသားတွေသေရင် တချို့က အင်းထဲမှာပဲ အလောင်းကို ကျောက်ခဲဆွဲပြီး မြှုပ်ကြတယ်၊ အလောင်းကို အင်းထဲက ငါးတွေက စားမှာပေါ့။ ပြီးနောက် အဲဒီ ငါးတွေကိုပဲ လူတွေက ပြန်စားနေကြတာလေ ။ အားလုံးကို ကျေးဇူးတင်လျက် -

  


                                                           လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger