<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » တမ်းတမိသည် ဟိုအတိတ်ဆီ

တမ်းတမိသည် ဟိုအတိတ်ဆီ

ဒီလိုလေးတွေ ရင်ဖွင့်ပြောသံလေးတွေနဲ့ တစ်ခါတည်း ကျနော်ပြန်လည်ပြေးမြင် သတိရမိပြန်တာက တစ်ချိန်က တပ်မတော်ကနေ ကလေးမွေးတဲ့ တပ်မိသားစု အတွက်ဆိုရင် ကလေး အတွက်ကို မွေးလာတာနဲ့ အိုဗာတင်း၊ နို့မုန့်၊ သူ့အသက်အရွယ်နဲ့သူ ပေးတယ်။ နောက် ကလေးအနှီးဆိုတာလည်း ပေးသေးတယ်။ ပေးတာတွေကလည်း ဒီနေ့ခေတ် အပြင်မှာ ရောင်းနေတဲ့ တရုတ်ကလာတဲ့ အပေါစားတွေမဟုတ်ဘူး။ တကယ့်ကို အကောင်းစားတွေပါ။ အပြင်က သာမန်အလတ်တန်းစား လောက်ကတော့ ယှဉ်လို့ရတယ်။ ခုတော့ ကျနော်တို့မှာ အခြားတိုင်းပြည်များက ပိုကောင်းလာမယ့် အနာဂတ်ကိုမျှော်လင့်နေကြချိန်မှာ ကျနော်တို့က အတိတ်ဟောင်းကို ပြန်တမ်းတနေရတာဟာ ပြောင်းပြန်ဖြစ်နေတယ်လို့ ဘယ်သူတွေများ တွေးမိသလဲလို့ ကျနော် စဉ်းစားမိတယ်။

ရှေးခေတ် မြန်မာ့တပ်မတော်မှ စစ်သည်ရဲဘော်များအား တွေ့ရပုံ
နောက်.. ကျနော်တို့ တပ်မတော်သားတွေ တလွဲဂုဏ်ယူနေကြတာလေး တစ်ခုရှိတယ်။ အဲဒါကတော့ တခြားတော့မဟုတ်ပါဘူး။ ငါတို့တပ်မတော်က ဘာမှမရှိဘဲ ငါတို့တွေ ဘာမှအကျိုးခံစားခွင့် မရှိဘဲ တာဝန်ထမ်းဆောင် နေကြတာဖြစ်တယ် ဆိုတာပါဘဲ။ ဒါကိုလည်း အထက်လူကြီးများက ဖြည့်ဆည်းပေးဖို့ မတွေးကြဘဲ သူတို့ တွေရတဲ့ခံစားခွင့်ကြတော့ သူ့အဆင့်နဲ့သူတဲ့။ ဘယ်ရဲဘော်ကမှလည်း ဗိုလ်ချုပ်တစ်ယောက်လို ကားနဲ့တိုက်နဲ့ ဆိုတာကိုမမျှော်လင့်ပါဘူး။ စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ထဲမှာတော့ ဖတ်ဖူးပါတယ်။ ဘယ်သူကမှ အ လှမ်းကွာဝေးတဲ့သူကို မနာမလိုပါဘူးတဲ့။ သူတို့ရဲ့ ဘဝတွေကိုလည်း မမျှော်လင့်ပါဘူးတဲ့။ ကိုယ်နဲ့ ထိုက်တန်ရာ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ စံထားပါတယ်လို့ ဆိုထားပါတယ်။ ကျနော်ဟုတ်မဟုတ်ကို ပြန်တွေးကြည့်တယ်။ ဟုတ်တယ် ကျနော်တို့က ခံစားခွင့်ဘာညာပြောနေလို့ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေရနေတဲ့ အကျိုးခံစားခွင့်တွေကို ပြောနေခြင်း မဟုတ်ဘူး ဆိုတာပါဘဲ။ ကျနော်တို့ပြောနေသော ခံစားခွင့်ဆိုတာမှာလည်း အဆင့်လိုက် အဆင့်လိုက်ရဲ့ ခံစားခွင့်များကို ပြောနေခြင်းပါ။ ထိုခံစားခွင့်က လူတစ်ယောက်အတွက် ဖူလုံမှုရှိတယ် အနည်းငယ်မျှ ပိုလျှံမှုရှိတယ် ဆိုရုံလေးကိုသာ ကျနော်တို့ ပြောဆိုနေခြင်းဖြစ်ပါတယ်။ ဒါကို ငါတို့တပ်မတော်က ငါးပိစားပြီး တိုက်တဲ့ တပ်မတော် သူများတပ်မတော်တွေလို ချောကလက်စားရမှ တိုက်တဲ့တပ်မတော် မဟုတ်ဘူးတဲ့။ သိပ်ကိုဝမ်းနည်းဖို့ကောင်းတဲ့ စကားတွေပေါ့။ လွဲနေလိုက်တာများနော်။ အဲဒီစကားကို ပြောနေကြတဲ့ ဗိုလ်ချုပ်ကြီးများကကော တစ်ချိန်က သူတို့တွေ အရာရှိငယ်ဘဝတွေက သူတို့ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ယနေ့ခေတ် အရာရှိငယ်များနဲ့ ရဲဘော်များ ရနေကြတဲ့ အခွင့်အရေးများ ဘယ်လို ကွာဟနေတယ်ဆိုတာကို မသိလေရော့ သလားလို့လည်း စဉ်းစားမိပါတယ်။


ဆရာလယ်တွင်းသားစောချစ် ကတော့ပြောထားတယ် စာပေဟောပြောပွဲလေး တစ်ခုမှာ ဆရာပြောထားတာလေးကို ကျနော် အရမ်းသဘောကျတယ်။ ဆရာက ဘာပြောထားတာလဲ ဆိုတော့ ဆင်းရဲတာ၊ မရှိတာ၊ မပြည့်စုံတာဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူးတဲ့။ ချမ်းသာလာအောင် ရှိလာအောင် ပြည့်စုံလာအောင် ကြိုးစားပြီး အနည်းအကျဉ်းလောက် တိုးတက်လာတာလေးကိုပဲ ကျနော်တို့က ဂုဏ်ယူ သင့်ပါတယ်တဲ့။ ခုတော့ ကျနော်တို့ တပ်မတော်သားတွေရဲ့ စိတ်ထဲမှာ အဲလိုမရှိတာကိုပဲ မပြည့်စုံတာကိုပဲ ဂုဏ်ယူနေကြတော့ ယနေ့ကမ္ဘာကြီးနဲ့ လွဲနေတယ်ဆိုတာကို မသိကြလေတော့ တပ်မတော်ကြီးအတွက် ကျနော် ဝမ်းနည်းမိပါတယ်။ ဒီလိုပြောတော့ ငါတို့ကို လစာတွေ တိုးပေးထားတာပဲ ဆိုရင်တော့ ဒါက ခံစားခွင့်တိုးပေးတာ မဟုတ်ပါဘူး။ ခေတ်ကာလအရ ကုန်ဈေးနှုန်း တိုးမြင့်လာမှုအပေါ်မှာ တိုးမြှင့်ပေးလိုက်တဲ့ လစာပါ။ ဒါဟာ ခံစားခွင့် တိုးလာတာ မဟုတ်ပါဘူး ဆိုတာကိုလည်း ကျနော်တို့ သိရပါမယ်။ တကယ်လို့များ ကျနော်တို့ရဲ့ ငွေတန်ဖိုးဟာ တက်နေမယ်ဆိုရင် ကုန်ပစ္စည်းတွေဟာ ဈေးကျလိုက်ရင် ကုန်ဈေးနှုန်းကို ထိန်းချုပ်လာနိုင်ရင် ကျနော်တို့ လစာတွေလည်း တိုးလာစရာ အကြောင်းမရှိပါဘူး။

လစာတွေတော့တိုးလာပါတယ် ဒါပေမယ့် ပေးနေတဲ့ ရရမယ့် ရိက္ခာတွေက အလျှော့ခံရတယ်၊ ဖြတ် တောက်ခံရတယ်။ အဆိုးဝါးဆုံး ဖြတ်တောက်ခံရခြင်းကတော့ ကုလားပဲပါ။ ဒီတော့ဘာထူးမှာလဲ။ တစ်ဖက်က ရိက္ခာဖြတ်တောက်ခံရလို့ ဝမ်းစာအတွက် လျော့ပါးသွားချိန်မှာ တိုးလာတဲ့လစာနဲ့ ပြန်လည်ဝယ်ယူပြီး ဖာထေးရပါတယ်။ ဒီတော့ ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ပြန်တွက်လိုက်တော့ ကျနော်တို့ ရှုံးတောင်နေပါသေးတယ်။ ဒါက ဝမ်းရေးပဲရှိပါသေးတယ်။ အခြားအခွင့်အရေးများဖြစ်တဲ့ တပ်မတော်မိသားစုများရဲ့ နောင်ရေး၊ တပ်မတော်သားများရဲ့ ဘဝအာမခံချက် စတာတွေကိုကော ဘယ်လောက်များ နိုင်ငံတော်နဲ့ တပ်မတော်က တာဝန်ယူထားပေးပါပြီလဲ။ အနာဂတ်ကို မမျှော်နိုင်ဘဲ အတိတ်ကိုသာ ပြန်တမ်းတနေရတဲ့ နောက်ကြောင်းပြန် တပ်မတော်ကြီးကနေ အနာဂတ်ကို မျှော်တွေးနိုင်တဲ့ အမှန်တကယ် ခေတ်မှီပြီး တိုးတက်တဲ့ အတွေးအခေါ်များရှိတဲ့ တပ်မတော် ကြီးဖြစ်ပေါ်လာစေချင်သော ရင်တွင်းဆန္ဒကတော့ အမှန်တကယ်ရှိရပါတော့တယ်။

တပ်မတော်သားများနှင့် တကွ ပြည်သူတွေရဲ့ ဘဝအာမခံချက်များကို အမှန်တကယ်အာမခံချက်ပေး နိုင်သော အစိုးရတစ်ရပ်ဖြစ်လာအောင်လည်း လက်ရှိ အစိုးရမှ ကြိုးစားဆောင်ရွက် လိမ့်မည်လို့လည်း သတိဖြင့် ယုံကြည်မိပါတယ်။ ပြောင်းလဲလာသော တပ်မတော်ခေါင်းဆောင်များမှလည်း မိမိတို့ တပ်မတော်သားများနဲ့ တပ်မတော် သားမိသားစုများအတွက် စဉ်းစားပေးပြီး ဖြည့်တင်း ပေးလိမ့်မည်လို့လည်း ယုံကြည်မိပါတယ်။ မိမိတို့ တပ်မ တော်သားများကိုသာ မဟုတ်ပါ။ နိုင်ငံတကာရှိ အခြားနိုင်ငံများနည်းတူ အကျိုးခံစားခွင့်များ ရရှိစေရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း အခွင့်အရေးများ အခွင့်အလမ်းများ ဖန်တီးပေးနိုင်လိမ့်မည် လို့လည်း ယုံကြည်မိပါသည်။ လောလောဆယ်တော့ ကျနော် အတိတ်က တပ်မတော်ကြီးကိုသာ ပြန်လည် လွမ်းဆွတ်လိုက်ပါဦးမည်။ မိမိလွမ်းဆွတ်မည့် အတိတ်တပ်မတော်ကြီးဟာ ဗိုလ်ချုပ် အောင်ဆန်းလက်ထက်က ပြည်သူချစ်တဲ့တပ်မတော်နှင့် ဦးနေဝင်းလက်ထက် ယနေ့ထက်သာသော အုပ်ချုပ်ထောက်ပံ့မှုများ၊ အဆင့်အတန်းမှီသော စစ်ဝတ်များရရှိတဲ့ တပ်မတော်ဤ နှစ်ရပ်ကို ပေါင်းစပ်ဖို့ကြိုးစားရင်းဘဲ အတိတ်မှာရှိခဲ့တဲ့ ကွဲပြားတဲ့ တပ်မတော်ကြီးကိုသာ တမ်းတမိပါတော့
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger