<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ကဗျာ

ကဗျာ

ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။










  ကျွန်တော်တို့ အိမ် "
တကယ်တော့ . . .
ကျွန်တော်တို့ဟာ ရိုးသားကြပါတယ်။
ဒါကြောင့် . . .
ကျွန်တော်တို့ အိမ်လေးကလည်း ရိုးသားပါတယ်။

ဟိုးငယ်ငယ်တုန်းက
ကျောင်းမှာ စာအုပ်ပဲ အပ်အပ် ၊ စာအုပ်ပဲ ယူယူ
ညီညီညာညာ တန်းစီခဲ့ကြဖူးတယ်။
စောင့်ဆိုင်းမှုကို အခြေပြုပြီး
ကျွန်တော်တို့စိတ်တွေ ရိုးသားခဲ့ကြပါတယ်။

အသက်တွေကြီးတော့ . . .
အရှေ့က လူတန်းကို ဖြတ်ကျော်ဖို့
စောင့်ဆိုင်းမှုတွေကို ဆွဲချုံ့ဖို့
ခုန်ပျံကျော်လွှားသော နည်းမျိုးစုံတွေကို သုံးတတ်လာခဲ့ကြတယ်။
တန်းစီခြင်း အနုပညာတွေကို
မုန့်ပုံးတွေ ၊ ပါတိတ်တွေ ၊ ခြင်္သေ့တွေနဲ့
ရိုးသားမှုကို ပါးလျအောင် ပွန်းတိုက်ခဲ့ကြတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ . .
လူတွေမှာ ရိုးသားမှု နည်းလာပေမဲ့ . . .
ကျွန်တော်တို့ အိမ်ကတော့ ရိုးသားနေဆဲပါ။

တချို့သော ပညာရှင်တွေက သုံးသပ်ကြတယ်။
နောက်ထပ် အနှစ်နှစ်ဆယ် ဆိုရင်
မြန်မာနိုင်ငံဟာ အာဖရိက လိုမျိုး ဖြစ်လာနိုင်သတဲ့။
ဒါပေမဲ့. . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

ကျွန်တော်တို့ အိမ်လေးဆီကို
ကျွန်တော် . . . အလည်ပြန်ခါနီး နှမလုပ်သူက ပြောတယ်။
လူတွေ . . .
လူတွေရဲ့ . . . မျက်လုံးကို သေချာ ကြည့်ခဲ့ပါ တဲ့။
ဗင်းဆင့်ဗန်းဂိုးရဲ့ အာလူးစားသူများ ပန်းချီထဲက
လူတွေရဲ့ မျက်ဝန်းတွေကတော့ တပ်မက်မှုတွေ ပြည့်နေခဲ့တယ်။
ကျွန်တော်တို့ အိမ်သားတွေရဲ့ မျက်ဝန်းတွေထဲမှာတော့ . .
စိုးရိမ်မှုတွေ နဲ့ စိုးထိတ်စွာ ပြည့်နေခဲ့တယ်။
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

လူတစ်ယောက် ရေသန့်ဘူး တစ်ဘူး ဝယ်သောက်တယ် ဆိုပါစို့။
တချို့က ဘူးရောင်းစားဖို့ ရေသန့်ဘူးကို အိမ်ကို ပြန်သယ်တယ်။
တချို့က ရေပြန်ထည့်ဖို့ ရေသန့်ဘူးကို အိမ်ကို ပြန်သယ်တယ်။
တချို့က စနစ်တကျ လွှင့်ပစ်ဖို့ အမှိုက်ပုံးကို ရှာရင်း အိမ်ပြန် သယ်မိသလို ဖြစ်တယ်။
တချို့က စနစ်တကျ လွှင့်ပစ်ထားတဲ့ အမှိုက်ပုံးထဲက ရေသန့်ဘူးကို
ပြန်နှိုက်ယူရင်း တခြား အမှိုက်ကိုပါ ဖွတယ်။
တချို့က အမှိုက်ဆိုတာ အမှိုက်ပဲ ဆိုပြီး ဂလုံ ဆိုပြီး လမ်းဘေးမှာပဲ ပစ်ချတယ်။
အမှိုက်ပုံးမှာ အမှိုက် မရှိဘူး။
အမှိုက်ပုံးဘေးမှာ အမှိုက်တွေ ပွနေတယ်။
အမှိုက်ပစ်ရန် နေရာမှာ အမှိုက်တွေ မသိမ်းဘူး။
အမှိုက်မပစ်ရ နေရာမှာ အမှိုက်တွေနဲ့ ပြည့်နေတယ်။
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

လူတစ်ယောက်က မနိုင်မနင်း ဖြစ်နေလို့
လူတစ်ယောက်က ကူညီတယ် ဆိုတဲ့ ဖြစ်စဉ်တွေ
ရာဇဝင်ထဲက သမိုင်းထဲမှာ ကျန်နေခဲ့ရပြီ။
အခုတော့ . . .
အကူအညီ လိုသလား ၊ ရေလောင်း ၊
အကူအညီ ခံချင်သလား ၊ ရေဖြန်း ၊
အကူအညီကို မေတ္တာနဲ့ မဆုံးဖြတ်ကြတော့ဘူး ၊
အကူအညီကို ရေနဲ့ပဲ ဖြတ်ဆုံးတဲ့ ခေတ်ကို ရောက်လာခဲ့ကြပြီ။
ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊
ပလတ်စတစ်ခေတ် ၊ နြူကလိယခေတ် ၊ အင်တာနက်ခေတ် . .
ပြီးတော့ . . . အခု . . ရေလောင်းရတဲ့ " ရေခေတ် "။

ဒါပေမဲ့ . . .
ဘယ်လိုပဲ ခေတ်တွေ ပြောင်းလဲသွားပါစေ။
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

ဟိုက်ဒရိုဂျင် နှစ်ဆ နဲ့ အောက်စီဂျင် တစ်စကို ရောရင် ရေဖြစ်. . .
နိုက်ထရိုဂျင်နဲ့ အလှဆီ ( ဂရစ်စလင်း ) ကို ပေါင်းစပ်ရင် ဗုံးဖြစ် . . .
ဟိုဟာနဲ့ ဒီဟာကို ရောရင် ပေါက်ကွဲစေတဲ့ အရာဖြစ် . . .
ဒီဖော်မြူလာတွေ ကြားထဲမှာ လူတွေက ပိတ်လှောင်မွန်းကြပ်လှစွာ။
ရေ လောင်းရင်း . . . .
ဗုံးလန့်ရင်း . . . .  နေ့ရက်တွေ ကုန်ဆုံး။
ရေကစားရင်းနဲ့လည်း လန့် . . .
ရထားစီးရင်းနဲ့လည်း လန့် . . .
ကားစီးရင်းနဲ့လည်း လန့် . . .
လမ်းသွားရင်းနဲ့လည်း လန့် . . .
ဈေးဝယ်ရင်းနဲ့လည်း လန့် . . .
အိမ်သာတက်ရင်းနဲ့လည်း လန့် . . .
ကိုယ့်အိမ်မှာ နေရင်းနဲ့လည်း လန့် . . .
ဒီလိုနဲ့ အသက်တွေ မဝတဝ ၊ လေငတ်နေတဲ့ ငါးတွေလို ဟစိဟစိ နဲ့
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။

တကယ်လို့ နေ့သစ်တွေ ပွင့်လန်းလာမဲ့နေ့ . . .
ရောင်ခြည်နွေးနွေးတွေ ဖြာယှက်လာမဲ့ နေ့မှာ . . .
ရေလောင်းစရာ မလိုသော နေ့ . . .
ဘာကိုမှ လန့်စရာ မလိုသော စိတ်ရှင်းမဲ့ နေ့ . . .
တစ်ယောက်ကို တစ်ယောက် ကြည်ကြည်နူးနူး ကူညီတတ်ကြမဲ့ နေ့ . . .
ဒီလိုနေ့ရက်မျိုးမှာ  . . .
ပြာလဲ့လဲ့ ကောင်းကင်ကြီး အောက် . .
လွင့်ပျံနေတဲ့ နိုင်ငံတော် အလံအောက် . .
ကျွန်တော်တို့ အားလုံး ညီညီညာညာ နိုင်ငံတော် သီချင်း ဆိုချင်မိသေးတယ်။

တကယ်တော့ဗျာ . . .
ကျွန်တော်တို့ဟာ ရိုးသားကြပါတယ်။
ဒါကြောင့် . . .
ကျွန်တော်တို့ အိမ်လေးကလည်း ရိုးသားပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ အိမ်လေးဟာ ရိုးသားနေဆဲပါ။

   


စကားပုံကဗျာ


ဗေဒင် နဲ့ ဝေဟင်
တကယ်တော့ ဘာမှ မတော်ပါ။
ဒီလိုပဲ သူတို့ ကက်ကင်းလည်း မကျ
သူတို့ဖာသာ ယုံကြည်ချက်နဲ့ ရပ်တည်နေခဲ့ကြတာပါ။

တနင်္ဂနွေ ဆိုပြီး . . .
တောင်ပံကို ခပ်ပြင်းပြင်းခတ်
အကြံကုန်တိုင်း ပင်လယ်ကို မျှော်ငေးပြီး
ဆားထိုင်ချက်နေတတ်တဲ့
ဂဠုန် တစ်ကောင်လည်း မဟုတ်ရပါ။

ငယ်စဉ်က သား ၊ ကြီးသော် အား
ငယ်စဉ်က သား ၊ ကြီးသော် ကျား 
ဆိုသော ကျားကျားယားယား
တနင်္လာသား တစ်ယောက်လည်း မဟုတ်ရပါ။

ကျွန်တော်က " အင်္ဂါသား " ပါ။
ခြင်္သေ့တို့ရဲ့ ထုံးစံ အတိုင်း
ဇာတိပြတဲ့ အနေနဲ့ တစ်ခါတလေတော့လည်း
ဟိန်းတတ် ၊ ဟောက်တတ်ပါတယ်။
စိတ်ပါလို့ရယ်တော့ မဟုတ်ဘူး ၊ ဗီဇ ကြောင့်ပါ။

ဗုဒ္ဓဟူးတွေလို . . .
အစွယ်ပါ နဲ့ အစွယ် မပါ
နေ့ရက်တွေကို နှစ်ပိုင်းခွဲကာ ငြင်းကြပြီး
သူတို့က ရှေ့မတိုးခင်မှာ . . .
နောက်တစ်လှမ်း ဆုတ်ကြသတဲ့ ၊
ကျွန်တော် နောက်ဆုတ်နေတဲ့ ဆင်တစ်ကောင် မဟုတ်ပါ။

ကြာသပတေး ရဲ့ အရိပ်အယောင်က
ကြွက်တစ်ကောင်လို့ ကြားတိုင်း
ကြွက်သိုး ၊ အိမ်ကြွက် ၊ မြေကြွက် ၊ ကြွက်မြီးတန်း
ဒီလိုတွေ လျှောက်တွေးရင်း
မီးခိုးကြွက်လျှောက် တွေးလို့ကို မဆုံးနိုင်တော့ဘူး ၊
သေချာတာက  . . .
ကျွန်တော့်စိတ်တွေ ကြွက်တက်နေခဲ့ပြီ။

သောကြာ . . . ပူးလ် ဆိုတာ
Pooh မဟုတ်ကြောင်း
တချို့သော လူတွေကို ရှင်းပြခဲ့ဖူးတယ်။
သောကြာသားတွေ အောက် . . . .အဲ . .
သောကြာသမီးတွေ အောက် . . . အီး . .
အဲဒီလို လမ်းလျှောက် ဗေဒင် ဆရာတွေလို
ကျွန်တော် ဟိုလိုလို ဒီလိုလို မပြောချင်ပါ။
ပြောချင်တာကတော့ . . .
သောကြာ သားသမီးတွေဟာ မွေးရာပါ ကံကောင်းကြပါတယ်။

စနေတွေကို ဂြိုလ်ရှိန်ကြီးတယ်လို့ ယူဆရာကနေ
သူတို့က နေရင်းထိုင်ရင်း ပါဝါတက် လာတတ်ကြတယ်။
စနေကို နဂါးနဲ့  နှိုင်းတတ်ကြလေတော့ . . .
သူတို့ကလည်း နဂါး ဖြစ်တာရော ၊ ဂြိုလ်ကြီးတာရောကြောင့်
တဆိတ်ရှိ အမောက်လေး တထောင်ထောင် ဖြစ်နေတတ်ကြတယ်။
စိတ်မရှိပါနဲ့ . . . ကျွန်တော် ပြောပြပါ့မယ်။
နဂါးနိုင် ဂါထာ ကျွန်တော့်မှာ ရှိပါတယ်။
နဂါးတွေနဲ့ ဆုံရင် သူတို့နဲ့ တည့်တည့်မှာသာ ရပ်ပြီး
မျက်လုံးချင်းတည့်တည့်သာ ကြည့်ပြီး ဆက်ဆံပါ။
ဘေးမှာတော့ မရပ်မိစေနဲ့။
ချစ်သူ ကောင်မလေး ဆိုရင်တော့ ပိုဆိုးပြီပေါ့. . .
ဘာလို့လဲ ဆိုတော့ " နဂါး မျက်စောင်း " ဆိုတာ အကြောင်း သုံးပါး မရွေးဘူး။
မတော် တရော်ဗျာ . . .
ခင်ဗျား နှလုံးသား အရည်ပျော်ကျသွားလိမ့်မယ်။

ဟိုတလောက
ရှေးဟောင်းသမိုင်းကို ဖတ်လိုက်ရတော့ . .
ယတြာ ကောင်းရင် မင်းလောင်းပျောက်တယ် ဆိုပဲ။
ထိုယတြာဆရာက ပေးလိုက်တာ . . .
ထိုမင်းလောင်းအတွက် " အဆိပ် " . . တဲ့။
အင်း . . . တယ်ကောင်းတဲ့ ယတြာပါပဲ။

ဟိုတလောက
သူငယ်ချင်း တစ်ယောက်ပြောတော့
မျက်လုံးပြူးပြီး အံ့သြမိသေးတယ်။
နိမိတ်တဲ့ ၊ ဓါတ်တဲ့ ၊ ယတြာတဲ့ . .
သူ ခပ်သာသာ ပြောသွားတယ်။
မြန်မာနိုင်ငံကို ပိတ်ထားတဲ့ . . .
အဲ . . ဆံရှင် ဆိုလား ၊ ဆံရှည် ဆိုလားကို ပြန်ရအောင် . .
ဓါတ်ဆင်တဲ့ အနေနဲ့ . . .
ခေါင်းဆောင်ရဲ့ ခေါင်းမှာ ဆံပင်ရှားသူကို တင်ရမယ် တဲ့လေ။
သူ ပြောတာကို နားထောင်ပြီး . . .
ကျွန်တော်လေ . . နားထောင်နေတဲ့
နားတွေအစား လက်ကောက်ဝတ်တွေ ယားလိုက်တာ။

အဲဒါနဲ့ . . . ကျွန်တော်က
လူတွေ စုပြုံတိုးနေတဲ့ ရက်ရာဇာမှာ
အလှူခံချင်လာတယ်။
ပြဿဒါးရက်မှာ
သူများတွေ အလှူ နားထားတုန်း ပြန်လှူချင်လာတယ်။
ပုဏ္ဏားနတ်သမီး ရကိန်းပဲ ဖြစ်ဖြစ်
မုဆိုးရွှေအိုး ရကိန်းပဲ ဖြစ်ဖြစ်
သူများ အသက်သတ်ရင်တော့ ငရဲပဲ။
ဒီလိုပဲ . . . .
သွေးအံကိန်းပဲ ဖြစ်ဖြစ်
မြေမျိုကိန်းပဲ ဖြစ်ဖြစ်
နဂါးခေါင်း ဘယ်ဘက်ကို လှည့်လှည့်
ကောင်းမှု လုပ်ဖို့သွားရင်တော့ ကုသိုလ်ရမှာပါပဲ။

ခက်တော့ ခက်တယ်ဗျာ. . . .
ဒီလိုတွေ လျှောက်တွေးရတာကိုက
အနေအထိုင်တွေက မကျ
စကားပုံတွေ . . . မ . . လှ . . တော့ . . . ဘူး . . . ။








အလွမ်းမပါသော ကဗျာ

ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။

ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။

မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောရ လွယ်သလောက် . . .
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောခံရတာ သိပ်မလွယ်ဘူး။

ကျွန်တော့်ရဲ့ အချစ်ကိုက
နည်းနည်းတော့ မုတ်သုံရာသီ ဆန်တယ်။

အဲဒီ့နေ့က . . .
မိုးလေဝသ ကြေညာတိုင်း. . .
ကောင်းကင်ကို မော့ကြည့်မိတတ်တဲ့ ကိုယ်က
စွင့်စွင့်ငြားငြား ခေါင်းငုံ့ထားမိတယ်။
တိမ်တွေတောင်မှ ငါ့အပေါ် ပြိုကျခဲ့ပြီးပြီပဲလေ။

အချစ်ဆိုတာ . . .
မီးသတ်ကား ဥသြသံကြားတိုင်း
ရင်ဘတ်ထဲကို ငုံ့ငုံ့ကြည့်နေရတဲ့ အရာတဲ့။

အီဂျစ် ဘာသာဗေဒမှာ အသည်းပုံ
ပါတယ် ၊ မပါဘူး လို့
သူငယ်ချင်း နှစ်ယောက်က ကျွန်တော့် နံဘေးမှာ ငြင်းနေတုန်း
ကျွန်တော်ကတော့ အသည်းကွဲမှု ဖြစ်စဉ်ကို စဉ်းစားနေမိတယ်။
အကြည့်တစ်ချက် . . .
စကားတစ်ခွန်း . . .
လက်တစ်ကမ်း . . .
ခြေတစ်လှမ်း . . .
သွေးထိုးစကား . . .
ဒီလိုနဲ့ . . .
ကိုယ့်ကိုယ်ကိုယ်တောင်မှ ဝိုးတဝါး ပါပဲ။

ဆရာ တာရာမင်းဝေ ပြောခဲ့ဖူးသလိုပဲ ၊
“ ကလေးအသေ မွေးတဲ့ မိခင်တစ်ယောက်ကို ဝင်ခံစားကြည့်ပေးပါလား ၊
ငါဟာ အိပ်မက် အသေတွေ မွေးနေခဲ့ရတဲ့ ကောင်ပါ။ ” တဲ့။
ဒါဆို . . .
ကျွန်တော်ကတော့ နည်းနည်းခြားနားတယ်။
“ ကိုယ့်ဖာသာ အချစ်အသေတွေပဲ တသက်လုံး ဆက်မွေးထားချင်နေမိသူပါ။ ”

သူငယ်ချင်း တစ်ယောက်က ပြောတယ်။
“ ချစ်သူကို အိပ်မက် မက်တိုင်း ကဗျာရေးတယ် ” တဲ့။
ဒါနဲ့ပဲ . . .
ကျွန်တော် သူ့ကို . . .
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာ စာမျက်နှာတွေ . . .
လူမြင်ခံလို့ မဖြစ်တော့ဘူး။

ဖုန်ဆိုးမြေယာတွေ လက်ထက်မှာ
မြေရှင်ပဒေသရာဇ် ဖြစ်ရတာ သိပ်တော့ မထူးပါဘူးလေ။
ဒါပေမဲ့ . . . မိုးတွေ ရွာပြန်တော့ ဗွက်ပေါက်ပြန်ရော။
ကျွန်တော့်ရဲ့ အချစ်ဖြတ်သန်းရာ ဒေသကလည်း
နည်းနည်းတော့ ကန္တာရ ဆန်တယ်။
အလွမ်းတွေ တပွေ့တပိုက်နဲ့ ထိန်ထိန်ကိုဝေ လို့ . . . ။

ကိုယ်ထူကိုယ်ထ ခင်းခဲ့တဲ့ လမ်းက
နင်းမဲ့သူ မရှိတော့ . . .
အညတရ ညမှာ . . .
ကိုယ့်ဖာသာကိုယ် မထင်မရှား ဘုရင်ဖြစ်ခဲ့ရပြန်ရော။
မိဖုရားကတော့ ရှားတာပေါ့။

၁ ၊ ၂ ၊ ၃ ၊ ၄ . . . .
၁၅၀၀ ပြည့်မှ ချစ်ကြကြေး ဆိုရင် . . .
ခရီးဝေးပါတယ် ချစ်သူရယ်။
အချစ်မှာ ကိန်းဂဏာန်း မရှိဘူး။

ချစ်ခြင်းမေတ္တာဟာ ရှေးဟောင်း စကားပုံ တစ်ခုနဲ့ တူသတဲ့။
“ တစ်နေ့ တစ်လံ ပုဂံ ဘယ်မရွေ့ဘူး ” လို့ သတ်မှတ်တယ် တဲ့။
သူငယ်ချင်းက ရင်ဘတ်ကို ဟင်းလင်းဖွင့်ပြီး အဓိပ္ပါယ်ပြုတယ်။
ကျွန်တော် ဆက်စဉ်းစားမိတာက . . .
“ ကိုယ်လှမ်းတဲ့ ခြေလှမ်းက ပုဂံရဲ့ ဆန့်ကျင်ဘက် ” ဆိုရင်ရော . . .
သူ့လောက်တော့ မပြတ်သားတဲ့ အတွက် . . .
ကျွန်တော် ရင်ဘတ် ဟောင်းလောင်းနဲ့ ငြိမ်နေမိတယ်။

သိပ်တော့ မထူးဆန်းပါဘူး ၊
ကျွန်တော်က အတ္တ ရပ်ဝန်းမှာ . . .
အနတ္တ ခပ်သန့်သန့်ပဲ ဖြစ်ချင်ခဲ့တာကိုး။

ကြေးသွန်းအက္ခရာတွေ လက်ထက်မှာ
ကျောက်ထက် အက္ခရာတော့လည်း တင်ပိုင်ခွင့် ရှိပါတယ်။
အလွမ်းမဲ့ လူတန်းစားတွေ ကြားမှာ
ကျွန်တော်က အတီးအတနဲ့
( တကယ်ကို ) ဂွတီးဂွကျတဲ့ ကောင်ပါ။

ပညာရှိကြီး တစ်ယောက်ရဲ့
ပုံပမာ ပြုသလိုပေါ့. . . ၊
အချစ်ဆိုတာ . . .
လက်ဖဝါးထဲ ထည့်ထားတဲ့ သဲတစ်ဆုပ်နဲ့ တူတယ်။
ခပ်ဖွဖွလေး ဆုပ်ထားရင် များများ ရသလောက်
ခပ်တင်းတင်း ဆုပ်ထားမိရင် လက်ကြားက ယိုသတဲ့။
တကယ်ပါ . . .
ကျွန်တော်ဟာ သူ့အပေါ် ဘယ်တုန်းကမှ ဆုပ်ကိုင်ဖို့ မကြိုးစားခဲ့ပါဘူး. . .
ဒါပေမဲ့ . . . ဝေးမြဲ ဝေးလျက်နဲ့ ဝေးဆဲပါပဲ။

ဒီလိုနဲ့ . . .
နေ့ရက်တွေ ဆက်ကာ ဆက်ကာ . . .
နာရီတွေက လှည့်ကာ ပတ်ကာ . . . 
အတွေးတွေက မျောကာ မျောကာ . . .
သူ နဲ့ ကျွန်တော်က ဝေးကာ ဝေးကာ . . .
. . . . . . . . . . . . . . . . . . . . . . . . . .

အလွမ်းဆိုတာ . . .
နှလုံးသားရဲ့ တိုင်ထိပ်မှာ တလွင့်လွင့်
ပျံ့လွင့်နေတတ်တဲ့ အရာ ဆိုရင် . . .
ဒီတစ်ခါတော့  . . .
ငါတို့ . . .
မုန်တိုင်း မကျခင် ငြိမ်သက်ခြင်းမျိုးနဲ့
တိတ်ဆိတ်နေကြပါစို့။     ။
 



အသံရဲ့ မူကွဲ 

 

 

 



ဟူး . . .
ညင်သာစွာထက် နည်းနည်းပိုနေတဲ့
သာမာန်လူတစ်ယောက်ရဲ့ သက်ပြင်းသံလည်း ဖြစ်နိုင်တယ်။
ညင်သာစွာထက် နည်းနည်းပိုနေတဲ့
ညနေခင်းရဲ့ လေပြေညှင်းသံလည်း ဖြစ်နိုင်တယ်။

ဝေါ . . .
သာမာန် အိမ်ရှင်မတစ်ယောက် သုံးပြီးသားရေကို
ဇလုံထဲက သွန်ပစ်သံလည်း ဖြစ်နိုင်တယ်။
ပင်လယ်ထဲက ရေတွေ ကျောက်ဆောင်နဲ့ အတားအဆီးဆီကို
ခပ်ကြမ်းကြမ်း လာရောက် တိုးတိုက်မိတဲ့ အသံလည်း ဖြစ်နိုင်တယ်။

ဝုန်း . . .
မလိုအပ်လို့ လူတစ်ယောက် ပစ်ချလိုက်တဲ့
အမှိုက်တစ်ထုပ်ရဲ့ မြေနဲ့ ထိတဲ့ အသံလည်း ဖြစ်နိုင်တယ်။
ခပ်ကြမ်းကြမ်း လေပြင်းက အလိုမတူဘဲ တွန်းချလို့
လဲကျသွားတဲ့ သစ်ပင်တစ်ပင်ရဲ့ မြေခသံလည်း ဖြစ်နိုင်တယ်။

ဟာ . . .
အပျော်လွန်လို့ အာမေဋိတ်အနေနဲ့
ထွက်လာတဲ့ လူတစ်ယောက်ရဲ့ ဝမ်းသာတဲ့ အသံလည်း ဖြစ်နိုင်တယ်။
တားဆီးလို့ မရတဲ့ အဖြစ်ဆိုးကြောင့်
ရင်ထဲက ထွက်လာတဲ့ လူတစ်ယောက်ရဲ့ တုန်ခါ ဝမ်းနည်းသံလည်း ဖြစ်နိုင်တယ်။

x x x . . .
ဆိုကာ မထင်မှတ်တဲ့ ပျော်ရွှင်မှုကြောင့်
ဝမ်းသာ မျက်ရည်ခသံလည်း ဖြစ်နိုင်တယ်။
ဆိုကာ အံကို တင်းတင်းကြိတ် ၊ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး
တောက်ခတ် ပူပြင်း မျက်ရည်ကျသံလည်း ဖြစ်နိုင်တယ်။

x x x . . .
ပျောက်သောသူ ရှာရင် တွေ့နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့
နေဝင်ခါနီး အမိ ၊ အဖ ၊ သားသမီး ဆွေမျိုးတွေကို ခေါ်သံလည်း ဖြစ်နိုင်တယ်။
ဘယ်ကို ပျောက်မှန်း မသိတော့ဘဲ ပြန်မတွေ့နိုင်တော့ဘူး ဆိုတဲ့ မျှော်လင့်ချက်မဲ့ နဲ့
ညနေ နေဝင်တိုင်း အမိ ၊ အဖ ၊ သားသမီး ဆွေမျိုးတွေကို
ရင်ထဲမှာ ခေါ်နေတာလည်း ဖြစ်နိုင်တယ်။

x x x . . .
ဆိုတဲ့ ခေါ်သံကြားတိုင်း အဖေရေ ၊ အမေရေ ၊ သားရေ ၊ သမီးရေ လို့
ပြန်ထူးလိုက်နိုင်တဲ့ အသံလည်း ဖြစ်နိုင်တယ်။
ဆိုတဲ့ ခေါ်သံကြားရပြီး အဖေရေ ၊ အမေရေ ၊ သားရေ ၊ သမီးရေ လို့
ပြန်မထူးနိုင်ဘဲ ထပ်ကာ ထပ်ကာ ခေါ်သံတွေလည်း ဖြစ်နိုင်တယ်။

ဟူး . . . 
ဝေါ . . .
ဝုန်း . . .
ဟာ . . .
x x x . . .
x x x . . .
x x x . . .
ဒီလို အသံတွေ. . . .
ဒီလို အသံစုံတွေနဲ့. . .
ငိုသူ ငို . . . ၊ လုံးဝ မငိုနိုင်သူကျတော့ မငို ၊
အငိုတိတ်သူက တိတ် ၊ အငိုမတိတ်နိုင်သူက မတိတ်
ဒီအဖြစ်အပျက်တွေက . . .
လွန်ခဲ့တဲ့ နှစ်အစိတ်က မဟုတ်ဘူး။
ဖြစ်ခဲ့ရသူတွေအတွက် ရင်ထဲမှာ မနေ့ ၊ တနေ့ကလို ဖြစ်နေတဲ့
မေလ ( ၂ ) ရက် ၂၀၀၈ ဆိုတဲ့ . . .
“ နာဂစ် ” အိပ်မက်ဆိုး လှုပ်ခတ်နှိုးသွားတဲ့ နေ့ပေါ့။

ကိုယ်တိုင်ခံခဲ့ရသူတွေအတွက် 
နောက်လှည့်ကြည့်စရာ မလိုဘဲ 
အရိပ်လို ထာဝရ ယှဉ်တွဲ သတိရနေမှာ ဖြစ်သလို ၊
မျှဝေ ခံစားတတ်သူတွေ အတွက်လည်း 
ဒီလို အသံတွေ ကြားတိုင်း
“ နာဂစ် ” ဆိုတာလေ . . .
ကိုယ့်မှာလည်း လာဖြစ်နေသလိုပါပဲလား။    
 
 
  လမင်း

                   




Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger