
မော်စကို၊ ဇူလိုင် ၂၈
နိုင်ငံတကာ အာကာသစခန်းယာဉ် ( ISS ) ကို ထိုယာဉ်၏ သက်တမ်း ကုန်ဆုံးမည့် ကာလဖြစ်သည့် ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် သမုဒ္ဒရာရေပြင် အတွင်း ဆင်းသက်စေ၍ ရေအောက်နှစ်မြှုပ်ပစ်ရန် ရုရှားအာကာသအေဂျင်စီနှင့်လုပ်ဖော်ကိုင်ဖက် နိုင်ငံတကာအာကာသ အေဂျင်စီများက သဘောတူခဲ့ကြကြောင်း ဇူလိုင် ၂၇ ရက် သတင်းများတွင် ဖော်ပြသည်။
သက်တမ်း ကုန်ဆုံးချိန်တွင် ISS ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဆက်လက်ထားရှိမည်ဆိုပါက အာကာသ အမှိုက်အများအပြား ထွက်ပေါ်လာနိုင်ကြောင်း၊ ထိုအတွက်ကြောင့် သက်တမ်း ကုန်ဆုံးချိန်တွင် ISS ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ထားရှိတော့မည် မဟုတ်ဘဲ သမုဒ္ဒရာရေပြင်အောက်သို့ နှစ်မြှုပ်ရမည် ဖြစ်ကြောင်း ရုရှအာကာသ အေဂျင်စီအကြီးအကဲက ပြောကြားသည်။

ကမ္ဘာမြေအထက် မိုင် ၂၂၀ အမြင့်ရှိ ပတ်လမ်းအတွင်း လှည့်ပတ်နေသော နိုင်ငံတကာအာကာသစခန်းယာဉ်သည် ရုရှား၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့်ကနေဒါ တို့ မှ အာကာသ အေဂျင်စီများ ပူးပေါင်း၍ သိပ္ပံပညာဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ရာ အာကာသ စမ်းသပ်ခန်းကြီး ဖြစ်သည်။

ရုရှားနိုင်ငံသည် နိုင်ငံ၏ ၁၅ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သော မီယာအာကာသစခန်းကို ၂၀၀၁ ခုနှစ်က ပစိဖိတ် သမုဒ္ဒရာ အတွင်း ဆင်းသက်စေ၍ ရေအောက်သို့ နှစ်မြှုပ်ခဲ့ဖူးသည်။
လမင်း
0 comments:
Post a Comment