<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » တကယ် ချစ်လျှင်ဖြင့်.............

တကယ် ချစ်လျှင်ဖြင့်.............


( ၆၆-နှစ်မြောက်၊ အာဇာနည်နေ့ အမှတ်တရဆောင်းပါး )
ယနေ့ ဇူလိုင်(၁၉)ရက်နေ့သည် (၆၆)နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည် ၊ လွန်ခဲ့သော
နှစ်ပေါင်း (၆၆)နှစ် ၊ (၁၉၄၇) ခုနှစ် ၊ ဇူလိုင်(၁၉)ရက်နေ့၊ နံနက် (၁၀း၃၇)မိနစ်အချိန်တွင်
 ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအာဇာနည်ခေါင်းဆောင်ကြီးတို့သည် တိုင်းပြည်အရေး
ဆွေးနွေးနေကြစဉ် မသမာသူလူတစ်ခု၏ လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည် ၊
ထိုနေ့သည် တစ်တိုင်းပြည်လုံး ယူကြုံးမရဖြစ်ရသောနေ့ ဖြစ်သည် ၊
ထိုအချိန်က ၀ိသမလောဘသား အာဏာရူးတို့၏လက်ချက်ဖြင့် ကျဆုံးရေတိမ်နစ်
ခဲ့ရသည့် ခေါင်းဆောင်ကြီးများမှာ စာဖတ်သူအများစု သိထားပြီးသည့်အတိုင်း
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ ၊ ဒီဒုတ်ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင် ၊
မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း ၊ ဗိုလ်ချုပ်အကို ဦးဘ၀င်း ၊ အတွင်းဝန်ဦးအုန်းမောင် ၊
ရဲဘော်ကိုထွေးအားဖြင့် စုစုပေါင်း (၉)ဦး ဖြစ်သည် ၊
ခေါင်းဆောင်ကြီးများ ရေတိမ်နစ်သွားခြင်းနှင့်အတူ မိမိတို့၏တိုင်းပြည်လည်း
တစ်ပါတည်း ရေတိမ်နစ်သွားရသည် ၊ ခေါင်းဆောင်ကြီးများ ကြိုးစားပမ်းစားဖြင့်
တည်ဆောက်ခဲ့ရသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့သည်လည်း ပျက်သုဉ်း
သွားရသည် ၊ ခေါင်းဆောင်ကြီးများကျဆုံးသွားပြီးနောက်  ဗိုလ်ချုပ်ချမှတ်သွားခဲ့သော
လမ်းစဉ်အရ တိုင်းပြည်လွတ်လပ်ရေး ရပင်ရငြားသော်လည်း ပြည်သူလူထုတို့သည်ကား
လွတ်လပ်ရေး၏အရသာကို မခံစားရတော့ ၊ ပြည်သူလူထု ခံစားရသည်ကား
လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော ပြည်တွင်းစစ်ဒဏ် ၊ ထို့နောက် အာဏာရှင်လူတစ်စု၏
မတရားညှင်းပန်းနှိပ်စက်ဒဏ်များသာ ဖြစ်နေသည် ၊
ယခုဆိုလျှင် မိမိတို့နိုင်ငံလွတ်လပ်ရေး ရခဲ့သည်မှာ နှစ်ပေါင်း(၆၀)ကျော်လာခဲ့ပြီ၊
ဗိုလ်ချုပ်တို့ကျဆုံးသွားခြင်းနှင့်အတူ ပြိုကွဲပျက်စီးသွားသော တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးကိုကား ယခုအချိန်အထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးပေ၊
ပြည်တွင်းစစ်သည် ကမ္ဘာက အံ့သြရလောက်အောင်ပင် နှစ်ပေါင်းရှည်ကြာစွာ တဟုန်းဟုန်း
တောက်လောင်နေဆဲပင် ၊ အာဏာရှင်လူတစ်စုကလည်း တိုင်းပြည်၏မျက်နှာကို မကြည့် ၊
ကိုယ့်ဘို့သာ ကိုယ်ကြည့်လျှက် တိုင်းပြည်၏အရေးပါသောနေရာတို့ကို ကျားကုပ်ကျားခဲဖြင့်
ဖမ်းဆုပ်ထားကြဆဲ ၊ တိုင်းပြည်၏သဘာဝသယံဇာတများကို ၀ါးမြိုနေကြဆဲပင် ဖြစ်သည် ၊
မိမိအမြင်အရ နိုင်ငံ့ခေါင်းဆောင်လုပ်ချင်၍လုပ်ခဲ့ကြသူ၊ လုပ်နေကြသူတို့သည်
ဗိုလ်ချုပ်ကဲ့သို့သာ တိုင်းပြည်အပေါ်ငဲ့ညှာမည် ၊ ပြည်သူလူထုအပေါ် စေတနာမှန်မည်ဆိုလျှင်
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုသည်မှာ ခက်ခဲသောအရာမဟုတ်ဟု ယုံကြည်သည် ၊
ငြိမ်းချမ်းရေးနှင့် နိုင်ငံတိုးတက်ရေးကိုလည်း လွယ်လွယ်တည်ဆောက်နိုင်၏ဟု ယူဆပါသည် ၊
အင်္ဂလိပ်အစိုးရ၏ ခြေထိုးမှုတွေကြားက ပင်လုံစာချုပ်ကို မဖြစ်ဖြစ်အောင် ချုပ်ဆိုခဲ့သည့်
ဗိုလ်ချုပ်တို့၏လုပ်ရပ်ကို အလွန်သတိပြုဖို့ ကောင်းပါသည် ၊
ထိုအချိန်ကခေါင်းဆောင်ကြီးများ ယခုမရှိတော့သော်လည်း သူတို့၏လမ်းစဉ်သည် ယခုအချိန်ထိ
သစ်လွင်ဆဲ တောက်ပဆဲ ခေတ်မှီဆဲပင်ဖြစ်သည် ၊ အထူးအားဖြင့် နိုင်ငံနှင့် ပြည်သူလူထုအပေါ်
ရိုးသားသည့် ၊ ကိုယ့်ကျိုးအတွက် နည်းနည်းမှမကြည့် ၊ တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးကိုသာ
ထာဝရကြည့်သည့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏စေတနာနှင့်
လမ်းစဉ်တို့သည် မြန်မာပြည်သူတစ်ရပ်လုံး၏ နှလုံးအိမ်အတွင်းဝယ် ဘုရားတစ်ဆူပမာ
အစဉ်ကိန်းအောင်းနေဆဲပင်ဖြစ်သည် ၊ ပြီးခဲ့သော ခေတ်တစ်ခေတ်က သူ့ဂုဏ်ရည်ကို
ညှိုးမှိန်အောင် အာဏာရှင်လူတစ်စုက လုပ်ဆောင်ခဲ့သော်လည်း ပြည်သူလူထုရင်တွင်းမှာတော့
လုံးဝ မညှိုးမှိန် ၊ သူ့သမိုင်းကို ပျောက်အောင် ဖျောက်ခဲ့သော်လည်း လုံးဝမပျောက် ၊
ညှိုးမှိန်အောင်လုပ်သူတို့သာ မှေးမှိန်သွားရသည် ၊ သူ့သမိုင်းပျောက်အောင် ဖျောက်ခဲ့သူတို့သာ
ဂုဏ်ရည်ပျောက်သွားရသည် ၊  သူကား မြန်မာနိုင်ငံရေးမိုးကောင်းကင်တွင် ထွန်းတောက်မြဲ
သာလျှင် ဖြစ်နေသည် ၊ ယခုကဲ့သို့ သူ့ကို ပြည်သူလူထုတစ်ရပ်လုံးက လေးစားကြည်ညိုချစ်ခင်
ကြခြင်းသည် စစ်သေနာပတိဟူသောအကြောင်းကြောင့်လည်း မဟုတ် ၊
 ဖဆပလဥက္ကဋ္ဌဖြစ်၍လည်း မဟုတ် ၊ ဤကဲ့သို့ ရာထူး ဂုဏ်တို့ကိုလည်း မက်မောတွယ်တာခြင်း
သူ့မှာ လုံးလုံးမရှိ ၊ နိုင်ငံလွတ်လပ်ရေးအတွက် အရေးကြီးလာချိန်တွင် ထိုရာထူး ထိုဂုဏ်များကို
သူ့လုပ်ဖော်ကိုင်ဖက်များသို့ ပေါ့ပေါ့ပါးပါးပင် လွှဲပေးလိုက်ပါသေးသည် ၊
နောက် သူ့ကို ပြည်သူလူထုတစ်ရပ်လုံး လေးစားကြည်ညိုချစ်ခင်ကြခြင်းသည် အဟောကောင်း
အပြောကောင်း၍လည်း မဟုတ် ၊ သူအဟောအပြောမကောင်းကြောင်း သူ့မိန့်ခွန်းများနားထောင်
ဖူးသော မြန်မာပြည်သူတိုင်းသိသည် ၊ ပြောပုံက ဒိုးဒိုးဒေါက်ဒေါက်နှင့် ဒုတ်နှင့်ခေါက်ပစ်တာ
ထက်ပင်ဆိုးမည်ထင်ရသည် ၊ ဒါဆို ပြည်သူတစ်ရပ်လုံးက သူ့ကို အဘယ့်ကြောင့် သဲသဲလှုပ်
လေးစားကြည်ညိုချစ်ခင်ကြပါသနည်း ၊ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် ဖြောင့်မတ်ရိုးသားသည့်
စေတနာကြောင့်ဟုသာ အရှင်းဆုံးဖြေဆိုရပါလိမ့်မည် ၊ ထို့ပြင် ဗိုလ်ချုပ်သည် တပ်နှင့်ဖြစ်စေ
ပြည်သူလူထုနှင့်ဖြစ်စေ ငတ်အတူပြတ်အတူ တစ်သားထဲနေသည် ၊ ခေါင်းဆောင်ဟူသော
အခွင့်အရေးဖြင့် အခွင့်ထူးခံခြင်းကို နည်းနည်းမှ မလုပ် ၊ တပ်နှင့်စပ်၍ပြောသည့် အောက်ပါ
မိန့်ခွန်းကို ကြည့်ရုံမျှဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုအပေါ်ထားသော သူ့သဘောထားကို
ထင်းထင်းကြီး မြင်တွေ့နိုင်ပါသည် 
“ လူထုငတ်ရင် တို့အားလုံး ငတ်ရမယ် ၊ လူထုဆင်းရဲရင် တို့ရဲဘော်အားလုံး ဆင်းရဲရမယ် ၊
ငါတို့တစ်တွေ တည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ ဒီလိုဝါဒ ဒီလိုအမိန့်တွေနဲ့ ချီတက်ဖို့
အရေးကြီးတယ် “
ထို့နောက် စစ်ဝတ်စုံများ ကြမ်းလွန်းသည်ဟု ညည်းညူကြသော ရဲဘော်တစ်ချို့ကို
အောက်ပါအတိုင်း ဒေါနှင့်မောနှင့် ကြိမ်းမောင်းဖူးသည် ၊
“ ဟေ့ ….တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံမရှိလို့ ခါးတောင်းကြိုက်ပြီး တိုက်ရတော့ရော
ဘာဖြစ်သလဲ ၊ တိုင်းပြည်နဲ့ လွတ်လပ်ရေးအတွက် ကိုယ်တုံးလုံးချွတ်ပြီး တိုက်ရတော့ကော
ဘာဖြစ်မှာလဲ ၊ စစ်တိုက်နိုင်ဖို့သာ အဓိကကွ “
ဤကဲ့သို့ သဘောထားရှိသော ဗိုလ်ချုပ် ၊ ပြောသည့်အတိုင်းလုပ် လုပ်သည့်အတိုင်းလည်း
ပြောသော ဗိုလ်ချုပ် ၊ နိုင်ငံနှင့်ပြည်သူအပေါ် စိတ်စေတနာ ရိုးသားဖြူစင်လွန်းသည့် ဗိုလ်ချုပ် ၊
ဤသို့သောဗိုလ်ချုပ်ကို မြန်မာပြည်သူတစ်ရပ်လုံးက သဲသဲလှုပ်လေးစားကြည်ညိုချစ်ခင်
ကြသည်မှာ တွေးကြည့်လျှင် အဆန်းမဟုတ်တော့ပေ ၊
ပြည်သူတစ်ရပ်လုံးက ယခုလို လေးစားကြည်ညိုချင်ခင်ကြသည့်အားလျော်စွာ ယခင်
နိုင်ငံရေးတင်းကြပ်မှုအခြေအနေအရ ကြိတ်မှိတ်နေခဲ့ကြရသော်လည်း နိုင်ငံရေးဖြေလျော့မှု
ပေးလာသော ယနေ့အခါတွင် အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ဗိုလ်ချုပ်အောင်ဆန်းနှင့်
အတူ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ဖွယ်အဖြစ် အလေးပြု
နိုင်ဖို့အတွက် နေရာစုံဒေါင့်စုံ နယ်စုံရပ်စုံမှပြည်သူလူထုတို့သည် ရှေးယခင်အာဇာနည်နေ့များ
အတိုင်း ဥသြဆွဲပေးရန် ၊ အသံလွင့်ဌာနတို့မှ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းတို့ကို လွင့်ပေးရန်
စသည်ဖြင့် တစ်ခဲနက်တောင်းဆို ဆန္ဒပြုလာကြသည်၊ နေ့စဉ်သတင်းအရ အစိုးရကလည်း
ပြည်သူလူထုဆန္ဒကို လိုက်လျောပေးမည့်လက္ခဏာရှိသည် ၊ မပြောကောင်း မဆိုကောင်း
အမှန်တကယ် လိုက်လျောပေးခဲ့လျှင်တော့ ယခုနှစ်အာဇာနည်နေ့သည် ယခင်နှစ်များနှင့် မတူ ၊
နံနက် (၁၀း၃၇)မိနစ်ရောက်သည်နှင့်  မိမိအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး ကြက်သီး
တဖြန်းဖြန်းထကြရမည်မှာ ဧကန် ၊
အမှန်က မိမိ၏ ယခုအာဇာနည်နေ့အမှတ်တရဆောင်းပါးလေးကို ဤမျှနှင့်ပင် ရပ်ဖို့ ဖြစ်သည် ၊
အမှတ်မထင် မိမိဖတ်နေကျ သာသာရေးစာစောင်တစ်ခုကိုကောက်ဖတ်မိလိုက်သောအခါ
မိမိအတွေးများက ဤမျှနှင့် ရပ်တန့်၍မရတော့ ၊ ဖတ်မိသော အကြောင်းအရာနှင့်ယှဉ်၍
ရေးနေဆဲ ဤဆောင်းလေးအပေါ် စိတ်က ရောက်သွားပြီး အတွေးဆက်သွား၏ ၊ ဤကဲ့သို့
သောနေ့၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးကို အောက်မေ့အမှတ်ရလျှက်
ဥသြဆွဲခြင်း ၊အသံလွင့်ဌာနများမှ မိန့်ခွန်းများကို လွင့်ပေးခြင်း ၊ လွမ်းသူ့ပန်းခွေချခြင်း၊
အလေးပြုခြင်းစသည်တို့ကို ပြုလုပ်ခြင်းအားဖြင့် ယင်းအာဇာနည်ခေါင်းဆောင်ကြီးများကို
အမှန်တကယ် ချစ်ခင်ကြည်ညိုလေးစားရာ ရောက်ပါသလားဆိုသော အတွေးပင် ဖြစ်သည် ၊
ဤအတွေးမေးခွန်းကို ဖတ်လိုက်မိသော ဘာသာရေးစာစောင်က အောက်ပါအတိုင်း
ဖြေပြထားပါသည် ၊
မိမိတို့ ကိုးကွယ်သောဗုဒ္ဓမြတ်စွာက “နောင်လေးလကြာလျှင် ပရိနိဗ္ဗာန်စံဝင်တော့မည် “
ဟု မိန့်တော်မူလိုက်သောအခါ ရဟန်းတို့သည် ဆောက်တည်ရာမရ ဖြစ်ကုန်သည် ၊
အချို့ရဟန်းများက မူးမေ့သလိုဖြစ်သွားကြသည် ၊ တစ်ချို့ရဟန်းများက အော်ဟစ်မငိုမိအောင်
 အောင့်အီးမျိုသိပ်ထားရဟန်ဖြင့် ပုံပျက်ပန်းပျက် ဖြစ်သွားကြသည် ၊ ဗုဒ္ဓမြတ်စွာ မရှိတော့သည့်
နောက် ဘယ်ကဲ့သို့ ရပ်တည်နေထိုင်ကြရပါ့မလဲဟူသော အဖြေကို ရှာဖွေရန်အတွက်
ရဟန်းတော်များအစည်းအဝေးခေါ်လိုက်ရာ ပုထုဇဉ်ရဟန်းခုနစ်ရာကျော် တက်ရောက်လာသည် ၊
အစည်းအဝေးအတွင် ဗုဒ္ဓမြတ်စွာမရှိတော့လျှင် ဘယ်လိုလုပ်ကြမလဲ ၊ ဘယ်လိုနေထိုင်ကြမလဲ
ဟူသော အဖြေကို စုပေါင်းရှာကြသည် ၊ စုပေါင်းတိုင်ပင်ဆွေးနွေးကြသည် ၊ အချိန်တွေသာ
ကုန်သွားသည် ၊ အဖြေကိုကား မရ ၊ ထိုအချိန်တွင် ရဟန်းတော်တစ်ပါးသည်
အစည်းအဝေးခေါ်ရာသို့လည်း မလာ ၊ အကြံဥာဏ်လည်း မပေး ၊ တစ်ခြားရဟန်းများလိုလည်း
ယောက်ယက်ခတ်မနေပေ ၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော့မည်ဆိုသောအရေးသည်
သူနှင့်မဆိုင်သကဲ့သို့ သစ်တစ်ပင်ရင်းမှာပင် ငုတ်တုတ်ထိုင်နေသည် ၊
ထိုရဟန်းကို အစည်းအဝေးတက်သူရဟန်းများက မကျေမနပ်ဖြစ်လျှက် ဗုဒ္ဓမြတ်စွာထံ
ခေါ်ဆောင်လာပြီးလျှင် “ မြတ်စွာဘုရား ဤရဟန်းသည် တပည့်တော်များ စည်းဝေး
ရာသို့လည်း မလာပါ ၊ အကြံပြုစကား တိုင်ပင်စကားတို့ကိုလည်း မဆိုပါ ၊ ဗုဒ္ဓမြတ်စွာ
ပရိနိဗ္ဗာန်ပြုတော်မူတော့မည်ဟု မိန့်တော်မူသော်လည်း တုန်လုပ်ဟန် မပြပါ ၊
ရှင်တော်ဘုရားကို ဆရာတစ်ဆူဟူ၍ အသိအမှတ်ပြုဟန်မတူပါဘုရား “ ဟု လျှောက်ထား
ကြရာ ဗုဒ္ဓမြတ်စွာက ထိုရဟန်းကို အောက်ပါအတိုင်း မေးစိစစ်တော်မူပါသည် ၊
“ ရဟန်း …..ဤရဟန်းတို့ လျှောက်ထားသည့်အတိုင်း မှန်ပါသလော “
“ မှန်ပါသည် အရှင်ဘုရား “
“ အဘယ့်ကြောင့် ဤသို့ ပြုရသနည်း “
ထိုရဟန်းကလည်း တည်တည်ငြိမ်ငြိမ်နှင့်ပင် “ အရှင်ဘုရား …..အရှင်ဘုရားတို့သည်
နောင်လေးလလွန်သောအခါ ပရိနိဗ္ဗာန်ပြုတော့မည်ဟု မိန့်တော်မူပါသည် ၊
ဘုရားတပည့်တော်သည် အရှင်ဘုရား သက်တော်ထင်ရှားရှိစဉ်မှာပင်
အရဟတ္တဖိုလ်ကို ရလိုသောဆန္ဒရှိပါသည် ၊ ထို့ကြောင့် လုံ့လစိုက်ထုတ်၍
တရားကိုသာ အားထုတ်နေပါသည်ဘုရား “ ဟု ပြန်လည်လျှောက်ထားပါသည် ၊
ထိုရဟန်း၏စကား ဆုံးသောအခါ ဗုဒ္ဓမြတ်စွာက သာဓုသုံးကြိမ်ခေါ်တော်မူလျှက်
“ ရဟန်းတို့ ငါဘုရားအပေါ် အမှန်တကယ် ချစ်ခင်မြတ်နိုးရိုးမှန်လျှင် ဤရဟန်းကဲ့သို့
ဖြစ်သင့်၏ ၊ ငါဘုရားကို ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ခြင်းသည် မြတ်သောပူဇော်ခြင်းဟု
မဆိုနိုင် ၊ ငါဘုရား ညွှန်ပြထားသည့် လောကုတ္တရာတရားကို ကျင့်ကြံကြိုးကုတ် ပွားများ
အားထုတ်မှသာ ငါဘုရားကို အမှန်ပူဇော်သည်မည်၏ ၊ အမှန်တကယ်ချစ်မြတ်နိုးသည်
မည်၏ “ ဟု မိန့်တော်မူပါသည် ၊
ဗုဒ္ဓမြတ်စွာ၏ မိန့်ကြားချက်ကိုကြည့်၍ စာဖတ်သူလည်း မိမိအတွေးမေးခွန်း၏ အဖြေကို
ရလောက်ပြီဟု ယူဆပါသည် ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်
ကြီးတို့သည် မိမိတို့မြန်မာနိုင်ငံကို နိုင်ငံတော်သီချင်းပါအတိုင်း “ တရားမျှတ လွတ်လပ်သော”
နိုင်ငံအဖြစ် တည်ထောင်လိုခဲ့ကြပါသည် ၊ မိမိတို့ပြည်သူတစ်ရပ်လုံးကလည်း တရားမျှတ
လွတ်လပ်သော နိုင်ငံတော်ဖြစ်အောင် ၀ိုင်းဝန်းကြိုးစားတည်ထောင်ကြရမည်သာ ဖြစ်သည် ၊
ထို့ပြင် အာဇာနည်ခေါင်းဆောင်ကြီးတို့သည် မိမိတို့နိုင်ငံကို စည်းလုံးညီညွတ်သော နိုင်ငံ
တော်ကြီးဖြစ်အောင် အသက်ပေးပြီး ကြိုးစားအားထုတ်ခဲ့ကြပါသည် ၊ မိမိတို့တိုင်းသူပြည်သား
များသည်လည်း ပြည်တွင်းစစ်မရှိသော တိုင်းရင်းအားလုံးစည်းလုံးညီညွတ်စွာနေထိုင်သော
ပြန်ထောင်စုနိုင်ငံတော်ကြီး အမှန်တကယ်ဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်သာ
ဖြစ်သည် ၊သို့မှသာလျှင် အာဇာနည်ခေါင်းဆောင်ကြီးများကို အမှန်တကယ်ချစ်ရာရောက်မည်ဟု
မိမိ မြင်ပါသည် ၊ ဤဆောင်းပါးဖြင့် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်
ကြီးတို့အား အလေးပြုပါ၏ ………………….။

လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger